ရွှေ့ပြောင်း အိမ်ထောင်စုစာရင်း မွန်ပြည်နယ် ဝန်ကြီး ရှင်းလင်း


2016.06.29
mon-parliament-620.jpg မွန်ပြည်နယ်လွှတ်တော်မှာ အစည်းအဝေးကျင်းပနေစဉ်
Photo: Kyaw Lwin Oo/ RFA

ယာယီရွှေ့ပြောင်းနေထိုင်သူတွေမဟုတ်ဘဲ အပြီးတိုင်ရွှေ့ပြောင်းနေထိုင်သူတွေကိုသာ အစိုးရက အိမ်ထောင်စု စာရင်းချထားပေးသွားမှာဖြစ်တယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနဝန်ကြီး ဦးဝဏ္ဏကျော် က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ တင်ပြပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေကို အိမ်ထောင်စုစာရင်းချထားပေးဖို့ အစိုးရက စီစဉ်နေတာကို ရပ်ဆိုင်းပေးဖို့ အဆိုတင်ထားတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် မှာ ဆွေးနွေးရာ ပြည်နယ်ဝန်ကြီး ဦးဝဏ္ဏကျော် က ရှင်းပြခဲ့တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။

"ဝန်ကြီးကလည်း ပြန်ပြီးရှင်းပြတဲ့နေရာမှာ ဒီကိစ္စကိုတော့ သူတို့ဘက်က ဆောင်ရွက်ထားခြင်းမရှိဘူး၊ ယာယီရွှေ့ပြောင်းဆိုရင်တော့ သူတို့က စာရင်းကောက်ပြီးတော့ မှတ်တမ်းပြုစုထားတဲ့သဘောပဲ၊ တကယ်၍ အတည်တကျ ပြောင်းရွှေ့မယ့်လူဆိုရင်တော့ သူတို့ကတော့ အိမ်ထောင်စုစာရင်း လုပ်ပေးတယ် ဆိုတဲ့ဟာ မျိုးတော့ သူကပြန်ဆွေးနွေးတယ်၊ ကျနော့်ဘက်ကလည်း ဒါကိုဝန်ကြီးတို့ဘက်က မလုပ်ပါဘူးဆိုတဲ့ဟာကို ဆက်ပြီးတော့ ထိန်းသိမ်းထားဖို့လိုတယ်၊ အကယ်၍များ အောက်ခြေမှာ ဒီလိုမျိုး တကယ်လုပ်နေတဲ့ အနေ အထားမျိုး စာရင်းဇယားတွေ ကျနော်တို့ပြန်ပြီးတော့ ကောက်ခံရရှိမယ်ဆိုလို့ရှိရင် ဝန်ကြီးကဒါကို ပြန်ပြီး တာဝန်ယူပေးရမယ်"

ပြီးခဲ့တဲ့နှစ်ရက်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး က ဒေသတစ်ခုမှာ ၆ လနဲ့ အထက် ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်းတွေ ချထားပေးဖို့ အစိုးရက စီစဉ်နေတာကို ရပ်ဆိုင်းပေးဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီနဲ့ မွန်အမျိုးသား ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၄ ဦး က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က အစိုးရအနေနဲ့ ယာယီရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စု စာရင်းချထားပေးမှာမဟုတ်တဲ့အတွက် ဒေါက်တာ အောင်နိုင်ဦးရဲ့ အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ တင်ပြခဲ့ရာ အဆိုကို လွှတ်တော်က မှတ်တမ်း တင်လိုက်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတစ်ခုကနေ တစ်ခုမှာ ၆ လနဲ့အထက် ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ကို ရေးဆွဲနေတာဖြစ်ပါတယ်။ အဲဒီစီမံချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ပါတီတွေက ကန့်ကွက်ထားကြသလို မွန်အရပ်ဘက်အဖွဲ့တွေကလည်း အဲဒီစီမံချက်ကို ဖျက်သိမ်းပေးဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။