လယ်သမား (၇) ဦးကို စစ်တပ်က ဖမ်းဆီး

ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း လယ်သမား (၇) ဦးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ပစ္စည်းစက်ရုံ ကပစ (၃) စစ်တပ်က ဒီကနေ့ မနက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
2012-07-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 စစ်တပ်မှ သိမ်းထားသည့် လယ်ယာမြေများကို ပန်းတောင်းမြို့နယ်မှ လယ်သမားများက ပြန်လည် ထွန်ယက်နေကြစဉ်။
စစ်တပ်မှ သိမ်းထားသည့် လယ်ယာမြေများကို ပန်းတောင်းမြို့နယ်မှ လယ်သမားများက ပြန်လည် ထွန်ယက်နေကြစဉ်။
RFA

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှားသူများအဖွဲ့က ကိုရဲထင်ကျော်က RFA ကို အခုလို ပြောပါတယ်။

"ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို သွားမယ်ဆိုတဲ့ လယ်သမား (၇) ယောက်ကို စစ်တပ်ကနေပြီးတော့ ဖမ်းလိုက်တယ်။ အဖမ်းခံလိုက်ရတဲ့ လူတွေရဲ့နာမည်က ဦးတင်အောင် အသက် ၆၅ နှစ်၊ ဦးအောင်ကြည် ၅၆ နှစ်၊ ဦးထွန်းဟန် ၅၆ နှစ်၊ ဦးကျော်ကျော်လွင် ၂၅ နှစ်၊ ဦးမင်းနိုင် ၃၀ နှစ်ခန့်၊ ဦးဟန်ဝင်း ၃၈ နှစ်ခန့်၊ ဦးစံမင်း ၃၀ နှစ်ခန့် အဲဒီလူ ၇ ယောက်ကို ဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ အခုညနေ ၃ နာရီလောက်မှာလည်း လယ်တောတွေထဲမှာ နွားကျောင်းနေတဲ့ လယ်သမားတွေကို စစ်တပ်က လိုက်ဖမ်းနေတယ်လို့ ကျွန်တော်တို့ သိရတယ်"

ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာနဲ့ ပုတီးတောကျေးရွာ လယ်သိမ်းခံထားရတဲ့ လယ်သမား ၇၀ ဟာ ကပစ (၃) စစ်တပ်က သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်မြေတွေပေါ်မှာ မနေ့က သွားရောက် ထွန်ယက်ခဲ့ကြပါတယ်။

အဲဒီနောက် ကပစ (၃) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်တပ် အရာရှိတွေ ရောက်လာပြီး လယ်ထွန်တာကို ရပ်တံ့ပေးဖို့နဲ့ ပြောဆိုခဲ့တာကြောင့် လယ်သမားတွေနဲ့ အငြင်းပွားခဲ့ကြပါတယ်။

လယ်သမားတွေ အနေနဲ့ လယ်ယာမြေပေါ်မှာ လုပ်ကိုင် စားသောက်ချင်တယ်ဆိုရင် ပိုင်ဆိုင်ကြောင်း အထောက်အထားပြဖို့ တောင်းဆိုခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို လယ်သမား (၇) ဦး သွားရောက်ခဲ့ကြပါတယ်။

အဲဒီလယ်သမားတွေ စစ်တပ် လုံခြုံရေးဂိတ်ကို ဖြတ်သန်းစဉ်မှာ အခုလို ဖမ်းဆီးခံရတာလို့ လယ်သမားတွေက ပြောပါတယ်။ အဖမ်းမခံရတဲ့ တောင်သူတချို့လည်း ထွက်ပြေး တိမ်းရှောင်နေကြ တယ်လို့ ပုန်းအောင်းနေတဲ့ တောင်သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"တချို့တောင်သူတွေကတော့ အပြင်ကိုရောက်နေပြီ။ ကျန်တဲ့ တောင်သူ ၇ ဦးကိုတော့ သူတို့ ဖမ်းထားတယ်ဗျ။ ကျွန်တော်တို့တော့ ရွာကို ပြန်မရောက်သေးဘူးဗျ။ ကျွန်တော်တို့ကတော့ လယ်ယာမြေကို အေးအေးချမ်းချမ်းနဲ့ ပြန်လုပ်ကိုင်စားသောက် ချင်တာပေါ့"

အဲဒီတောင်သူတွေ ပိုင်တဲ့ လယ်မြေဧက (၈၀) ကို ၁၉၈၉ ခုနှစ်အတွင်း နယ်မြေခံ ကပစ (၃) စစ်တပ်က သိမ်းယူပြီး လယ်သမားတွေကို သီးစားချ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လယ်သမားတွေကို ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစလို့ သီးစားလုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့