တောင်သူတွေရဲ့အမှု ဖြေရှင်းပေးဖို့ အစိုးရထံ တိုင်ကြားမည်

2016-07-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် တရော်ပင်ကျေးရွာမှာ မတ်လ ၂ ရက်နေ့က ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲဆင်နွှဲစဉ်
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် တရော်ပင်ကျေးရွာမှာ မတ်လ ၂ ရက်နေ့က ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲဆင်နွှဲစဉ်
Photo: Nay Thwae/RFA

မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန် လည်ရရှိဖို့နဲ့ လယ်ယာမြေအမှုနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူတွေအမှုကို ဖြေရှင်းပေးဖို့အတွက် တောင်သူ ၁၅၀၀ နီးပါးရဲ့ လက်မှတ်တွေနဲ့ ပြည်ထောင်စုအစိုးရထံ တိုင်ကြားသွားမယ် လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

မနေ့က မတ္တရာမြို့နယ်မှာ မြို့နယ် ၃ မြို့နယ်က တောင်သူတွေ တွေ့ဆုံပြီး တောင်းဆိုဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ် လို့ မတ္တရာမြို့နယ်က ဒေသခံတောင်သူ ကိုရဲရင့်အောင် က ပြောပါတယ်။

"မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမှာရှိတဲ့ တောင်သူတွေနဲ့ တွေ့ဆုံပြီး တောင်သူတွေရဲ့ အခက်အခဲကိုတင်ပြနိုင်ဖို့ လုပ်ခဲ့တာပါ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လယ်ယာမြေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရယ် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဆီကို တောင်သူတွေ လက်ရှိရင်ဆိုင်နေတဲ့ အမှုတွေကိစ္စရယ်၊ မြေသိမ်းယာသိမ်းကိစ္စရယ်ပေါ့နော်၊ အဲ့ဒါတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ တိုင်ကြားစာတင်သွားမှပါ၊ တောင်သူ ၁၄၅၃ ယောက် လက်မှတ်ရေးထိုးထားတာပါ၊ တောင်သူအကုန်တော့ မဟုတ်သေးဘူး တက်ရောက်လာတဲ့ တောင်သူတွေပေါ့၊ နောက်တစ်ပတ်ထဲလောက်ကို ပို့ဖို့အစီအစဉ်ရှိတယ်ဗျ၊ ခုလောလောဆယ် စပြီးတော့ စိစစ်နေပါတယ်"

၁၉၈၂ ခုနှစ်လောက်ကစပြီး မတ္တရာ၊ စဥ့်ကူး နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေ ဧက ၁ သောင်းကျော်ဝန်းကျင်ရှိကြောင်းလည်း ကိုရဲရင့်အောင် က ပြောပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေဟာ တောင်သူ ၂ ထောင်ကျော် ပိုင်ဆိုင်တဲ့မြေတွေဖြစ်ပြီး တပ်မတော်၊ သမ၀ါယမ၀န်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီး ဌာနနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

မနေ့ကတွေ့ဆုံပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက် ခဲ့ခြင်းမရှိဘူးလို့ ဒေသခံတောင်သူတွေ က ပြောပါတယ်။

မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေက တောင်သူတချို့ဟာ အကျိုးစီးပွားဖျက်ဆီးမှု၊ ကျူးကျော်ဝင်ရောက်မှုစတဲ့ ပုဒ်မတွေနဲ့လည်း အမှုရင်ဆိုင်နေရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့