ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်အကွာက နန့်စန်း ၃ ကျေးရွာ တစ်ဝိုက်မှာ အစိုးရရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဋ္ဌာနချုပ် စကခ - ၇ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ဖွဲ့တွေ အကြား ဒီကနေ့ မနက် ၁၀ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။
လက်နက်ကြီးတွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ကြတာဖြစ်တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောပါတယ်။
"တပ်ရင်းက ခုလောလောဆယ် ၃ ရင်း ထိုးထားတယ်ဗျ၊ ကျနော်တို့ရှေ့မှာ သူတို့က အင်အားဖြည့် ပြီး ပြန်ဖြစ်လိုက်၊ ခဏရပ်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဒီညဆို ပိုပြီးတောင် တိုက်ပွဲပြင်းထန်လာမလား မသိဘူး၊ ကျနော်တို့က သူတို့ရှိတဲ့ဘက်ကိုမသွားဘူးလေ၊ ကိုယ့်နေရာကို အေးဆေးနေတာပါ၊ သူတို့တက်လာတော့ တိုက်ပွဲဖြစ်တာပါ၊ တိုက်ပွဲကြီးလို့ပြောမလား၊ ဒီနေ့ကတော့ ရပ်လိုက်၊ ဖြစ်လိုက်နဲ့ မနက် ၁၀ နာရီ ကနေပြီးတော့ အခု ၄ နာရီ လောက်ထိတော့ ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ ခဏရပ် လိုက်ပြန်ဖြစ်လိုက်နဲ့ အဲ့လိုမျိုးလုပ်နေကြတာ"
အဲ့ဒီနှစ်ဖက်တိုက်ပွဲကြောင့် အနီးအနားရွာတချို့က ရွာသားအယောက် ၄၀ ကျော်လောက် ထွက်ပြေးလာပြီး တချို့က တောတောင်တွေထဲ ပုန်းအောင်းနေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ဖားကန့်မြို့နယ် နန့်ယားကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့မှုရှိခဲ့တာကို သတင်းရရှိ ထားပေမယ့် ဒီကနေ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က တပ်မတော် အရာရှိတစ်ဦးက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လအတန်ကြာငြိမ်သက်နေရာကနေ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။
ဖါးကန့်မြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးနှစ်ကြိမ်ကွဲခဲ့ပါတယ်။ ဖါးကန့်မြို့တွင်း ဗုံးကွဲတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဖါးကန့် ဒေသခံ ဦးဟန်မြင့် ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။
