မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံပိုင်ရှင်ကို အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ကို ဖောက်ဖျက်မှုနဲ့ မန္တလေးတိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းမင်းဝင်းက စဉ့်ကိုင်မြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။
နှစ်နှစ်သက်တမ်းရှိတဲ့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို အလုပ်သမားတွေရဲ့ သဘောတူညီချက် မပါဘဲ ပြင်ဆင်လိုက်တဲ့အတွက် စာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ မန္တလေးတိုင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းမင်းဝင်းက ပြောပါတယ်။
"ဒီနေ့ စဉ့်ကိုင်မြို့နယ် တရားရုံးမှာ စာချုပ်ကိုမလိုက်နာမှုနဲ့ တရားစွဲဖို့ အမှုဖွင့်ပါတယ်၊ ဘယ်လိုအချက်တွေ ကို ဖောက်ဖျက်သလဲလို့ ညွှန်းထားလို့ရှိရင် ၉-၃-၂ဝ၁၅ ကနေ ၈-၃-၂ဝ၁၇ အထိ စာချုပ်သက်တမ်း နှစ်နှစ် ချုပ်ထားတယ်၊ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးသဘောတူ ချုပ်ပြီးတော့မှ ၁-၄-၂ဝ၁၆ ရက်နေ့ကစပြီးတော့ အလုပ်ရှင်က စာချုပ်မှာပါတဲ့အချက်ကို အလုပ်သမားတွေနဲ့ သဘောတူညီမှုမရရှိဘဲနဲ့ မိမိသဘောနဲ့မိမိ ပြင် ဆင်ဆောင်ရွက်ခဲ့တဲ့အတွက် ကျနော်တရားစွဲတာပါ၊ အလုပ်သမားခ ဖြတ်တောက်တာက အလုပ်ရှင်နဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးက စစ်ဆေးပြီးတော့ ဖြတ်တောက်တယ်လို့ သူတို့ကပြောထားပါတယ်"
အလုပ်သမားတွေကို အချိန်ပိုခိုင်းစေတာနဲ့ လုပ်အားခဖြတ်တောက်မှုတွေရှိတဲ့ သက်သေအချက်အလက်တွေကို အလုပ်သမားတွေက စုစည်းပြီး အလုပ်သမားဦးစီးဌာနကို ပေးပို့ထားတာဖြစ်တယ်လို့ ပန်ဒါချည်မျှင်စက်ရုံ အလုပ်သမား မဇာခြည်ဝင်းက ပြောပါတယ်။
အလုပ်သမားတွေရဲ့ လစာငွေတွေကို အလုပ်ရှင်ဘက်က ဖြတ်တောက်မှုတွေရှိနေပြီး အလုပ်သမား ၂၀ ကျော်ကို အလုပ်ထုတ်မှုတွေရှိတာကြောင့် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့နဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ ဒီလ ၃ ရက်နေ့က စပြီး အလုပ်သမား ၇၀၀ ကျော်က ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အရင်စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ ပလိပ်ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံကို ၂၀၁၃ ခုနှစ်မှာ ပန်ဒါကုမ္ပဏီထံ တစ်လ ကျပ်ငွေ သိန်း ၃၀၀ နဲ့ နှစ် ၃၀ ငှားရမ်းခဲ့တာဖြစ်ပါတယ်။
