ထိုင်းဒါရိုက်တာရာမိုင်ကို ဖမ်းထားတယ်ဆိုတဲ့သတင်း UWSA ပြောခွင့်ရသူ ငြင်းဆို
အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာလည်းဖြစ် သိုင်းအကပညာရှင်လည်းဖြစ်တဲ့ Ramai ကို ဒီနှစ်ဇန်နဝါရီ ၄ ရက်က ဖမ်းဆီးလိုက်ပြီး ထိုင်းနယ်စပ်က မိုင် ၉၀ အကွာမှာ ရှိတဲ့ ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်ကို ခေါ်ဆောင်သွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ပြောပါတယ်။
- 2022-07-12
-
-
-
ထိုင်းနာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ ရာမိုင်မိုရီဖန် (Ramai Moriphan) ကို UWSA "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဒီနှစ်ဦးပိုင်းကတည်းက ပြန်ပေးဆွဲထားတဲ့ကိစ္စ စုံစမ်းစစ်ဆေးပေးဖို့ မိခင်ဖြစ်သူက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကို ဒီလ ၁၁ ရက်နေ့မှာ အသားနားခံစာ ပေးပို့ထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
သူ့သားကို ထိုင်းဘတ်ငွေ ၂၄ သန်းနဲ့ ပြန်ရွေးဖို့ UWSA က ပြောတယ်လို့ ဆိုပါတယ်။ အသနားခံစာနဲ့အတူ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဒါရိုက်တာ Ramai ရဲ့လက်ရေးနဲ့ စာတစ်စောင်ပါ ပူးတွဲပါရှိပြီး ဒီနှစ်စ ကတည်းက UWSA က ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်တဲ့အကြောင်း စာမှာ ရေးထားပါတယ်။
ဒီအမှု စုံစမ်းစစ်ဆေးဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အရာရှိတွေကို အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲက အမိန့်ပေးထားတယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။
ဒါပေမဲ့ ဒီရုပ်ရှင်ဒါရိုက်တာ ဝ ဒေသဘက်ကို သွားတဲ့ ခရီးစဉ်နောက်ကွယ်က အကြောင်းရင်းနဲ့ ဘယ်လိုပါဝင်ပတ်သက်လို့ ဒီလို ဖမ်းဆီးခံရသလဲဆိုတာ အရင်စုံစမ်းဖို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ UWSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဆမ်ပိန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့ဆီမှာ အဲဒီပုဂ္ဂိုလ်မရှိတဲ့အကြောင်း၊ အခုလို သတင်းထွက်လာတဲ့အတွက် ဆက်လက်စုံစမ်းရမှာ ဖြစ်တဲ့အကြောင်း ပြန်လည်ပြောဆိုပါတယ်။
အသက် ၄၀ အရွယ် ထိုင်းရုပ်ရှင်ဒါရိုက်တာလည်းဖြစ် သိုင်းအကပညာရှင်လည်းဖြစ်တဲ့ Ramai ကို ဒီနှစ်ဇန်နဝါရီ ၄ ရက်က ဖမ်းဆီးလိုက်ပြီး ထိုင်းနယ်စပ်က မိုင် ၉၀ အကွာမှာ ရှိတဲ့ ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်ကို ခေါ်ဆောင်သွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ပြောပါတယ်။
သူ့ဆီက ပေးပို့တယ်ဆိုတဲ့စာမှာ UWSA စစ်သားတွေက သူ့ကို လက်ထိပ်ခတ်ထားပြီး မိုးလင်းက ညနေထိ အလုပ်ကြမ်းစေခိုင်းတယ်လို့ ရေးထားပါတယ်။ နောက်ထိုင်း အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားပြီး ထွက်ပြေးရင် ပစ်သတ်မယ်လို့ သူတို့ကို ခြိမ်းခြောက်တယ်လို့ ဖော်ပြထားပါတယ်။