မြောက်ဦး တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း မီးလောင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ဒီနေ့ည ၈ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ်ခန်း ၈၇၀ ကျော် ရှိတဲ့အနက်က ၇၀၀ ခန့်လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ စခန်းတာဝန်ခံ ဦးစိုးနိုင်ကပြောပါတယ်။

ပေါ့ဆမီးကြောင့်လို့ယူဆရပေမယ့် မီးလောင်ရခြင်းအကြောင်းရင်းအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဦးစိုးနိုင်ကပြောပါတယ်။ မီးလောင်ဆုံးရှုံးရတဲ့ လူနေအိမ်ခန်းအရေအတွက် အသေးစိတ်ကို စီစစ်နေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

မြောက်ဦးမြို့နယ် မီးသတ်ဌာနက ည ၈ နာရီခွဲလောက်မှာ ရောက်ရှိလာပေမယ့် မီးသတ်ကားဝင်ဖို့ အခက်အခဲကြောင့် ည ၁၀ နာရီကျော်အထိ မီးအားလုံးငြိမ်းသတ်ဖို့ ကြိုးစားနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။

ဒီမီးလောင်မှုအတွင်း အသက် ၂၃ နှစ်အရွယ် မသိန်းမေဆိုတဲ့ အမျိုးသမီးငယ်ဟာ သူ့ညီမရဲ့သမီးဖြစ်သူ အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မီးလောင်နေတဲ့ အဆောင်ထဲကနေ ကယ်ထုတ်ခဲ့ရာမှာ နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာတွေရရှိပြီး တိမ်ညိုတိုက်နယ်ဆေးရုံကိုတင်ထားရတယ်လို့ အခင်းဖြစ်နေရာမှာရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။

တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ လူဦးရေ ၃၃၀၀ ကျော်ရှိပြီး မြောက်ဦးမြို့နယ်မှာ အကြီးမားဆုံး စစ်ဘေးဒုက္ခသည်စခန်းတစ်ခု ဖြစ်ပါတယ်။ အခုမီးလောင်မှုကြောင့် ဒုက္ခသည်တွေဟာ အခုလောလောဆယ်မှာ စစ်တွေ-ရန်ကုန်ကားလမ်းမဘေးမှာ ဖြစ်သလို ပြောင်းရွှေ့နေကြရတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဆက်သွယ်ရေး မိုဘိုင်းအင်တာနက်လိုင်းတွေကို ပိတ်ထားတာကြောင့် စခန်းရဲ့ လတ်တလောအခြေအနေ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေကို ရယူနိုင်ခြင်းမရှိသေးပါဘူး။