ရှားခဲအင်းလေလံကိစ္စ အင်းသားတွေ ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျေးရွာ (၆) အုပ်စုက ရှားခဲအင်းကို မှီခိုလုပ်ကိုင်နေတဲ့ အင်းသူ အင်းသား (၁၀၀၀၀) ခန့်က ဒီအင်းကို သူတို့တွေ လုပ်ကိုင်စားသောက်ခွင့်ရဖို့ အခက်အခဲရှိတာကြောင့် အစိုးရထံကနေ သူတို့ကို လုပ်စားခွင့်ပြုဖို့ (၄) ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ပါတယ်။

2012.05.14

ရှားခဲ၊ ကန်ဇွန်းကွင်း၊ သပြေငူ၊ ကျွဲခြံဒေါင့်၊ အင်းတယော်၊ မဲဂရက်စတဲ့ ကျေးရွာအုပ်စု (၆) အုပ်စုကလူတွေ မှီခိုလုပ်ကိုင်နေရတဲ့ (၅) မိုင်ပတ်လည် အကျယ်ရှိ အဲဒီအင်းကို အင်းသူဌေး တစ်ဦးတည်းကိုသာမကဘဲ သူတို့ကိုလည်း လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ အင်းသားတွေက အစိုးရထံ (၄) ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပါတယ်။

ဒါကို ဘာမှအကြောင်း မပြန်တဲ့အပြင် အစိုးရက လေလံပစ်မယ်လို့ အချိန်ကပ်ပြီး ကြေညာခဲ့တဲ့အတွက် အင်းသားတွေက မကျေနပ်ဘဲ ဒီနေ့မနက် (၉:၃၀) နာရီမှာ ရှားခဲကြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို သပြေငူကျေးရွာအုပ်စု၊ ကွင်းဒေါင့်ရွာကနေ အင်းသား (၂၀၀) ခန့် စုပေါင်းချီတက် ဆန္ဒပြကြတယ်လို့ အင်းသူ ဒေါ်မြင့်ခင်က ပြောပြပါတယ်။

“သူတို့လာ ကြေညာလိုက်တဲ့ အချိန်မှာ သောကြာနေ့ ၅ နာရီ၊ နောက်နေ့ မနက်မိုးလင်းသွားတယ်။ စနေဖြစ်သွားပြီ၊ ရုံးပိတ်သွားပြီ၊ တနင်္ဂနွေရုံးပိတ်သွားပြီ၊ ကျမတို့ ဘာမှ လုပ်လို့ မရပါဘူး။ လေလံတင်ဆွဲရမယ့် အချိန်သည် တနင်္လာနေ့မနက် (၈) နာရီတိတိပဲ၊ ရှားခဲနဲ့ ပတ်သက်လို့ မနက် (၈) နာရီထိုး အရောက်သွားဖို့ဆိုတာ ကျွန်မတို့ ပြည်သူလူထုမှာ အခက်အခဲတွေလည်း ရှိနေပါတယ်။ ကြိုတင်ပြင်ဆင်စရာလည်း ဘာမှ မရှိသေးတဲ့အတွက် ကျွန်မတို့က ဒီလေလံကို ရပ်တန့်ဖို့ရယ် ကျွန်မတို့ ပြည်သူလူထုကို ကြမ်းခင်းဈေးနဲ့ နိုင်ငံတော်က ချမှတ်ပေးဖို့အတွက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြရခြင်း ဖြစ်ပါတယ် ”

ယခင်အင်းသူဌေးက (၁၄) နှစ်တိုင်တိုင် လုပ်ကိုင်လာခဲ့ပြီး ဒီကာလအတွင်း သူတို့ကျေးရွာအုပ်စုတွေက အင်းသားတွေဟာ အင်းသူဌေးက ငါးဖမ်းတဲ့အချိန်၊ ငါးချတဲ့အချိန်သာ ခေါ်ခိုင်းခဲ့ပြီး ကျန်တဲ့အချိန် အလုပ်အကိုင်မပေးကြောင်း၊ လုပ်ကိုင်စားသောက်ဖို့ မြေလည်းမရှိတဲ့ ပညာမဲ့လူတန်းစားတွေ ဖြစ်ပါတယ် လို့လည်း ဒေါ်မြင့်ခင်က အခုလိုဆက် ပြောပါတယ်။

“သူတို့ လာလိုက်တဲ့အခါမှာ ဒီလူတွေကို ခေါ်ပြီးတော့ အလုပ်လည်း မပေးဘူး။ ခိုင်းလဲမခိုင်းဘူး။ ဒီလူတွေဟာ ဘယ်လိုဖြစ်လာလဲဆိုတော့ ကုန်းပေါ်မှာ အလုပ်ကိုရှာကြည့်တယ်။ ရှာလို့ မရဘူး။ စားဝတ်နေရေး အဆင်မပြေဘူး။ မပြေတဲ့အခါမှာ ဒီအင်းထဲကို ဆင်းပြီးတော့ ရှာလိုက်တယ်။ ရှာလိုက်တဲ့အခါမှာ သူတို့အဖွဲ့အစည်းနဲ့ လိုက်ဖမ်းတယ်။ လိုက်ဖမ်းလို့ မိသွားရင် ဒဏ်ငွေဆောင်ရတယ်။ မမိရင်လည်း ဒီလူဟာ ခိုးနေပါတယ်ဆိုတဲ့ ကျော်စောမှုနဲ့ သူတို့က ဝရမ်းတွေ ထုတ်ပြီးဖမ်းတယ်၊ ထောင်ချတယ်၊ ဒဏ်ငွေရိုက်တယ်။ ညဖက်ဆိုလို့ရှိရင် ဒီလူဟာ ငါးခိုးရှာတတ်တဲ့ လူဆိုရင် အဲဒီအိမ်ကို လူစုလူဝေးနဲ့ လာပြီးတော့ရှာတယ်။ ခွေးတစီစီနဲ့ ကျွန်မတို့ရွာမှာ ဒီလိုတွေ ဒီလိုတွေ ဖြစ်ခဲ့တာ ကျွန်မတို့ရွာမှာ (၁၄) နှစ်တိုင်တိုင်ရှိခဲ့ပါပြီ”

ဒီလိုလာရောက် ဆန္ဒပြတဲ့သူတွေကို ရဲတွေ၊ မီးသတ်တွေက ဒိုင်းကာတွေ၊ သေနတ်တွေနဲ့ ကြိုတင်စောင့်ဆိုင်းနေပြီး (၁၀) နာရီမထိုးခင် လူစုခွဲပေးဖို့၊ မခွဲရင် ပစ်ခတ်နှိမ်နင်းမယ်လို့ ပြောဆိုခဲ့သေးကြောင်း အင်းသားတွေကို လိုက်လံကူညီ ပေးနေတဲ့ လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက် (HRDP) က ဦးမြင့်နိုင်က ပြောပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်စားလှယ် (၃) ဦးကို ခေါ်ယူညှိနှိုင်းခဲ့ကြောင်း၊ ညှိနှိုင်းရာမှာ ပါဝင်တဲ့ ဦးစိုးက သူတို့တွေနဲ့ ရဲမှူးကြီး ဦးလှဝင်း၊ မြို့နယ်ဦးစီးမှူးတို့နဲ့ ဆွေးနွေးပုံကို အခုလိုပြောပါတယ်။

“မြို့နယ်ဦးစီးမှူးနဲ့ ရဲမှူးကြီးက ကျွန်တော်တို့အခု ပြည်သူပိုင်အင်းအဖြစ် ဆန္ဒတောင်းဆိုတာကို တရားမဝင်ဘူးဆိုပြီးတော့ ကျွန်တော်တို့ကို ဟန့်တားပါတယ်။ သူတို့က ဖုန်းနဲ့ပုသိမ်ကို လှမ်းဆက်တဲ့ အခါကြတော့ ကျွန်တော်တို့ ရှားခဲကြီးအင်းကို လေလံ ခဏပယ်ထားတယ်တဲ့။ ဒီအတွက်ကြောင့် ကျွန်တော်တို့ကို ပေးမယ်လို့လည်း ရည်ရွယ်ချက်မရှိ၊ ဘေးကိုလည်း ရောင်းမယ်လို့ ရည်ရွယ်ချက်မရှိဘဲနဲ့ လေလံကို ခေတ္တရပ်ဆိုင်း ပစ်လိုက်တယ်တဲ့”

RFA က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရပါဘူး။ ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ဆန္ဒပြပွဲကို မနက် (၁၁း၃၀) မှာ အဆုံးသတ်လိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။