အပစ်ရပ်အဖွဲ့ငါးဖွဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမည်

2022.05.07
အပစ်ရပ်အဖွဲ့ငါးဖွဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမည် (ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လက နေပြည်တော်မှာ ကျင်းပခဲ့တဲ့၂၁ ရာစုပင်လုံညီလာခံ ပိတ်ပွဲအခမ်းအနားကို တွေ့ရစဉ်။)
Photo:Reuters

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာကို အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တက်ရောက်ဖို့ရှိနေပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိစ္စနဲ့ပတ်သက်လို့ အပစ်ရပ်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က မေလ ၆ ရက်နေ့က အွန်လိုင်းကနေ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဖွဲ့ငါးဖွဲ့က တက်ရောက်ဖို့တစ်ဖွဲ့ချင်းဆုံးဖြတ်လိုက်တာလို့ KNU/KNLA-PC က ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက ပုံမှန်အနေအထားမဟုတ်တဲ့ အခက်အခဲ အကျပ်အတည်းတွေ အမျိုးမျိုး ရှိနေတဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှာပဲ ကျွန်တော်တို့ PPST အဖွဲ့ထဲမှာပဲ ဖြစ်ဖြစ် သဘောထားတိုက်ဆိုင်တာတွေရှိသလို သဘောထားမတူညီတာတွေ ရှိတယ်ဆိုတာ တော့ ဒါကတော့ အရှိတရားပါ။ အဲဒါတော့ ကျွန်တော်တို့ လက်ခံပေးရမယ်လေနော် စကစရဲ့ ဖိတ်ခေါ် ကမ်းလှမ်းချက်ကို တက်ရောက်မယ်လို့ သဘောထားပေးတဲ့ အဖွဲ့ကတော့ ငါးဖွဲ့ရှိပါတယ်။”

တွေ့ဆုံဆွေးနွေးမယ့် အဖွဲ့တွေကတော့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့ တစ်ခုဖြစ်တဲ့ KIA ကတော့ တန်းတူဆွေးနွေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်တဲ့အတွက် တက်ရောက်မှာမဟုတ်ဘူးလို့ မေလ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDFက လည်း ဗဟိုကော်မတီ အစည်းအဝေးရှိနေတဲ့အတွက် တက်မယ်၊ မတက်ဘူး မဆုံးဖြတ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

အလားတူလားဟူအဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNF ကလည်း လောလောဆယ် တက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။ကျန်အပစ်ရပ်လက်မှတ်ထိုးပြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တွေကတော့ တွေ့ဆုံပွဲကို တက်ရောက်ဖို့ မရှိဘူးလို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အခုမေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးပို့ဖို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။