ရတနာပုံတက္ကသိုလ်ရှေ့ ရုန်းရင်းဆန်ခတ်မှု ၅ ဦးဖမ်းဆီးခံရ

2015-05-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးတိုင်း အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်ရှေ့ က မြေတွေကို မေလ ၁၂ ရက်နေ့က ခြံစည်းရိုးလာခတ်တဲ့ စည်ပင်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြေပိုင်ရှင်တွေ ရုန်းရင်းဆန်ခတ်ဖြစ် ပွားစဉ်
မန္တလေးတိုင်း အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်ရှေ့ က မြေတွေကို မေလ ၁၂ ရက်နေ့က ခြံစည်းရိုးလာခတ်တဲ့ စည်ပင်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြေပိုင်ရှင်တွေ ရုန်းရင်းဆန်ခတ်ဖြစ် ပွားစဉ်
Photo: Nay Thwae/RFA

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံ တက္ကသိုလ်ရှေ့က မြေနှစ်ဧကနီးပါးကို စည်ပင် ၀န်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ခြံစည်းရိုးဝင်ခတ်ရာမှာ မြေပိုင်ရှင်တွေနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး အမျိုးသမီး ၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

အဲဒီမြေကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် လက်မှတ် နဲ့ တက္ကသိုလ်ယာဉ်ရပ်နားစခန်း ဆောက်လုပ်ဖို့ဆိုပြီး သိမ်းဆည်းတာဖြစ်တယ်လို့ မြေပိုင်ရှင် ဒေါ်မြကွန့် က ပြောပါတယ်။

"အရင်တခါတုန်းကလည်း ဘာမှမညှိနှိုင်းပဲနဲ့ စာပို့ပြီးလာသိမ်းတာ၊ အဲ့လိုလာသိမ်းပြီးတော့ သူတို့အပိုင်သိမ်းမရတဲ့အခါ လျော့သွားပြီးတော့ အကြံအစည်တွေ သူတို့ထုတ်နေတာ ဒီလိုလုပ်ချင်တာပါ့၊ ခုတခါ သူတို့ကို နိုင်ငံတော်က သိမ်းခိုင်းတာ စာကျလာလို့တဲ့၊ အဲ့ဒါဆို ဘယ်သူ့လက်မှတ်ထိုးပါလဲဆိုတော့ ဘယ်သူ့လက်မှတ်မှမပါဘူး၊ ဒီကျောင်းပါချုပ်လက်မှတ်နဲ့ လာသိမ်းတာ"

ခြံစည်းရိုးခတ်တာကို ၀င်ရောက်တားမြစ်ခဲ့တဲ့ အမျိုးသမီး ၅ဦးကို အမရပူရမြို့နယ် ရဲစခန်းမှာ ၀တ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဲဒီမြေနေရာမှာ ယာဉ်ရပ်နားစခန်း ဆောက်လုပ်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်တဲ့အတွက် မြေပေါ်မှာ နေထိုင်တဲ့သူတွေအနေနဲ့ ဒီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမှာဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး လက်မှတ်ပါတဲ့ အကြောင်းကြားစာကို ဒီလဆန်းလောက်က မြေပိုင်ရှင်တွေထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့