ပျက်ကျလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း တွေ့ရှိ

ရုရှနိုင်ငံ အလယ်ပိုင်းမှာ မနေ့က လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့ မြန်မာလေယာဉ်မှူး နှစ်ဦးဟာ တပ်မတော်လေတပ်က ဒုဗိုလ်မှူးကြီး ထိန်လင်းအောင်နဲ့ ဗိုလ်မှူးဇော်ထွန်းအောင် တို့ ဖြစ်တယ်လို့ ရန်ကုန် မင်္ဂလာဒုံ လေတပ် အသိုင်းအဝန်းက စုံစမ်း သိရပါတယ်။

သူတို့နှစ်ဦးဟာ ရုရှနဲ့ ယူကရိန်းနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ AN 148 လေယာဉ်ကို စမ်းသပ် မောင်းနှင်ကြတုန်း အခုလို လေယာဉ်ပျက်ကျ သေဆုံးခဲ့တာဖြစ်ပါတယ်။

AN 148 လေယာဉ်ဟာ ၂ဝဝ၉ ခုနှစ်မှ ဈေးကွက်ထဲကို ဝင်ရောက်လာတာဖြစ်ပြီး လူ ၈ဝ လောက် သယ်ဆောင်နိုင်တဲ့ ကုန်တင်ရော ခရီးသည်တင်ပါ သုံးနိုင်တဲ့ လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။ လေကြောင်းကျွမ်းကျင်သူတွေက AN 148 လေယာဉ်ကို စက်ပြဿနာတချို့ ရှိတယ်လို့ ပြောပေမယ့် မြန်မာ စစ်အစိုးရက ဝယ်ယူဖို့ ပြင်ဆင်နေပြီး လေတပ်အရာရှိတွေကို အခုလို စမ်းသပ် မောင်းနှင်ခိုင်းတာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေးပိတ်ဆို့ ခံထားရတဲ့ မြန်မာနိုင်ငံက ရုရုနဲ့ တရုတ်နိုင်ငံက လေယာဉ်တွေကိုသာ ဝယ်ယူလေ့ရှိပါတယ်။ မနှစ်ကလည်း ရန်ကုန်လေဆိပ်မှာ တရုတ်လုပ် လေယာဉ်တစင်းကို မောင်းနှင်ရာက မြန်မာလေတပ်က ဗိုလ်ကြီးတစ်ဥိး သေဆုံးခဲ့ပါတယ်။

ထပ်မံရရှိတဲ့ သတင်းတွေအရ အဲဒီ 148 လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း Recorder ကို ရုရှ စုံစမ်းစစ်ဆေးသူတွေက ရှာဖွေတွေ့ရှိပြီး စစ်ဆေးဖို့ ယူသွားပြီလို့ သိရပါတယ်။ သေဆုံးသွားသူ ခြောက်ယောက်စလုံးရဲ့ အလောင်းကိုလည်း လေယာဉ်ပျက်ကျတဲ့ အနားမှာပဲ တွေ့ရှိခဲ့တယ်လို့ ရုရှ သတင်းဌာနတွေက ဆိုပါတယ်။ လက်တလော တွေ့ရှိချက်တွေအရ စက်ချွတ်ယွင်းမှုကြောင့် လေယာဉ်ပျက်ကျတာ ဖြစ်ပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။