ရေဘေးကြောင့် သေဆုံးသူ ၂၆၈ ဦး ရှိလာကြောင်း စစ်ကောင်စီထုတ်ပြန်
2024.09.18
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၆၈ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ၅၆ မြို့နယ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ကိုးနာရီအထိ စစ်ကောင်စီ ကောက်ယူရရှိတဲ့ စာရင်းကို ထုတ်ပြန်တာပါ။
သဘာဝဘေးကြောင့် သေဆုံးဆုံးခဲ့သူတွေအတွက် စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ငါးသိန်းကျပ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သုံးသိန်းကျပ် စုစုပေါင်း ကျပ်ရှစ်သိန်းကို ကျန်ရစ်သူမိသားစုတွေထံ ထောက်ပံ့ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ရေဘေးကြောင့် လူဦးရေ တစ်သိန်းခြောက်သောင်းကျော် (၁၆၃,၇၁၀ ဦး)၊ အိမ်ထောင်စု လေးသောင်းသုံးထောင်နီးပါး (၄၂,၈၅၈ စု) ကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရတဲ့အပြင် ရေဘေးကယ်ဆယ်ရေးစခန်း ၄၃၈ ခု ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေဘေးသင့်ခဲ့တဲ့ မြို့နယ် ၅၆ မြို့နယ်မှာ လူနေအိမ် နှစ်ထောင်ကျော် (၂,၁၁၆ လုံး) ပျက်စီးခဲ့ပြီး နေအိမ် တစ်သိန်းခွဲကျော် (၁၅၈,၃၇၃ လုံး) ရေဝင်နစ်မြုပ်ခဲ့တဲ့အပြင် ရုံးဌာနအဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း တစ်ထောင်ကျော် (၁,၀၄၀ ကျော်)၊ ဘာသာရေးအဆောက်အဦ လေးရာနီးပါး (၃၈၆ လုံး) ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
RFA က စက်တင်ဘာလ ၉ ရက်နေ့ကနေ ၁၈ ရက် ဒီနေ့အထိ ပြုစုထားတဲ့ စာရင်းအရ တိုင်းနဲ့ပြည်နယ်ခြောက်ခုက မြို့နယ် ၁၅ ခုမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် လူပေါင်း ၂၈၀ အထိ သေဆုံးခဲ့ပြီး နှစ်ရာထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သလို မြေပြင်မှာ ဒီအရေအတွက်ထက် များနိုင်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ မိုးကြီးရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။