ရေဘေးသင့် မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားနဲ့ အိန္ဒိယ စတင်ကူညီ
2024.09.17
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံကို အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ထောက်ပံ့ကူညီမှုတွေ စတင်လိုက်ပါတယ်။
မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
အကူအညီတွေကို အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးစင်တာ AHA Center နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးကတစ်ဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
အလားတူ အိန္ဒိယနိုင်ငံကလည်း ရာဂီမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအတွက် အစာခြောက်၊ အဝတ်အထည်နဲ့ ဆေးဝါး အပါအဝင် ထောက်ပံ့ပစ္စည်းတွေ ပံ့ပိုးကူညီသွားမဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook ကတစ်ဆင့် ဖော်ပြခဲ့ပါတယ်။
အလေးချိန် ၁၀ တန်ရှိတဲ့ ထောက်ပံ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ အိန္ဒိယရေတပ် ရေယာဉ်တစ်စင်းဟာ စက်တင်ဘာ ၁၅ ရက်နေ့က မြန်မာနိုင်ငံကို စတင်ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးရေလွှမ်းမိုးမှုမှာ ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက် နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦး ရှိကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။