တိုင်းနဲ့ပြည်နယ် လေးခုမှာ ရေဘေးဒုက္ခသည် တစ်သောင်းခွဲနီးပါးရှိလာ

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ ဩဂုတ်လအစပိုင်းကတည်းက မိုးအဆက်မပြတ်ရွာလို့ ရေဘေးဒုက္ခသည် တစ်သောင်းခွဲနီးပါး (၁၄,၇၀၀ ဦး) ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ရေဘေးသင့်ပြည်သူ ၈၆၀၀ ကျော်၊ မွန်ပြည်နယ်မှာ ၂၀၀၀ ကျော်၊ ရခိုင်ပြည်နယ်မှာ ၄၁၀၀ ကျော် ရှိနေပြီး ပဲခူးတိုင်းမှာတော့ ကယ်ဆယ်ရေးစခန်း မရှိသေးတဲ့အတွက် အရေအတွက် အတိအကျကို မသိနိုင်သေးပါဘူး။

ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ မြဝတီမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။ မြဝတီနဲ့ လှိုင်းဘွဲ့မြို့နယ်တွေ ကတော့ တောင်ကျရေတွေကြောင့် စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ဦးစောခင်မောင်မြင့်က RFA ကို ပြောပါတယ်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ အာရှလမ်းမကြီးအပါအဝင် ကော့ကရိတ်ကနေ မြဝတီဘက်ကိုသွားနိုင်တဲ့ကားလမ်းတွေအားလုံးလည်း ပြတ်တောက်နေပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်ထိုမြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။ အလားတူ ပဲခူးတိုင်းအတွင်း ပဲခူးမြစ်ရေနဲ့ မဒေါက်မြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လာတာကြောင့် ပဲခူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်က ရပ်ကွက်တချို့မှာ ရေကြီးနစ်မြုပ်မှုတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာတော့ သြဂုတ်လ ၄ ရက်နေ့ကစလို့ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ယာယီရွှေ့ပြောင်းနေထိုင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နဲ့တိုင်း စစ်ကောင်စီပြောခွင့်ရသူတွေကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပေမယ့် ပဲခူးတိုင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတာမရှိသေးဘူးလို့ သြဂုတ်လ ၉ ရက် ဒီနေ့ RFA ကို ပြောပါတယ်။