မိုင်းကိုင်မြို့နယ် ရေကြီး၊ အမျိုးသမီးတစ်ဦး ရေထဲမျောပါသေဆုံး
2024.09.10
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်မှာ မိုးကြီးပြီး ရေကြီးရေလျှံနေတာကြောင့် အသက် (၆၁) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ရေထဲနစ်မြုပ် သေဆုံးသွားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၀ ရက် မနက် ၄ နာရီခွဲလောက်ကစပြီး မိုးကြီးလာတာကြောင့် ရပ်ကွက်အနိမ့်ပိုင်းနဲ့ ချောင်းနဲ့ နီးတဲ့နေရာတွေမှာ ရေကြီးရေလျှံပြီး မိုင်းကိုင်ရပ်ကွက် (၆) က အသက် (၆၁) နှစ်အရွယ် အမျိုးသမီးကြီး ရေထဲမျောပါသွားခဲ့တယ်လို့ မိုင်းကိုင်မြို့က သံဃ့ာသြဝါဒခံ နာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဒီလို ရေကြီးတာ နှစ်ငါးဆယ်မှာက ပထမဆုံးပါဗျ။ လူတစ်ယောက် သေတယ်။ ရေဘေးဒုက္ခသည်တွေ ရှိတယ်။ စာရင်းမကောက်ရသေးဘူး။ ရှမ်းမြောက်က လာတဲ့ စစ်ဘေးရှောင်စခန်းလည်း ရေနစ်မြုပ်တယ်။ လယ်ဧက ထောင်နဲ့ချီ ရေနစ်မြုပ်ကုန်ခဲ့တယ်။ ခန့်မှန်းအိမ်ခြေ နှစ်ရာဝန်းကျင်လောက် ရေဘေး ကြုံရတယ်"
မိုင်းကိုင်မြို့ နမ့်တိန်းချောင်းနဲ့ နားလုံဆည်လည်း ရေကြီးရေလျှံနေတယ်လို့ သူက ဆက်ပြောပါတယ်။ မိုးကြီးနေတာကြောင့် ဓာတ်တိုင်တွေလည်း ကျိုးပြီး လျှပ်စစ်မီးလည်း ပြတ်တောက်နေတယ်လို့ အမည်မဖော်လိုတဲ့ မိုင်းကိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကျွန်မတို့ရွာက (လွိုင်လိုင်ရွာ) ဓာတ်တိုင်တွေ တစ်ဝက်နီးနီးလောက် အကုန်ကျိုးကုန်တယ်။ မီးပြန်ရဖို့ မလွယ်ဘူးထင်တယ်။ ဒီလို ရေကြီးတာ တစ်သက်နဲ့ တစ်ကိုယ် မကြားဖူးဘူး။ ရေတက်တာလောက်တော့ ရှိတယ်။ ခုက လူနေအိမ်မှာ ရေကြီးတာက တော်တော်ကြမ်းတယ်။ အမေတို့ ခေတ်တုန်းကတော့ ဖြစ်ဖူးတယ်။ ဒီလောက်မကြီးဘူး။ ကိုယ်တွေခေတ်မှ မြင်ဖူးတာ"
နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်အခြေအနေတွေကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။