နိုင်ငံခြားရေးဝန်ကြီးရဲ့ အမေရိကန်ခရီးမှာ ပိတ်ဆို့မှုတွေ ပိုလျှော့ပေးဖွယ်ရှိ

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါအဝင် အမေရိကန် ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

2012.05.16
ban-wunna-maung-lwin-305 ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က လက်ခံတွေ့ဆုံနေစဉ်။
AFP

ဦးဝဏ္ဏမောင်လွင်ဟာ ၂၀၁၁ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို လာရောက်ခဲ့ပေမဲ့ အခုတစ်ကြိမ်ကတော့ အမေရိကန်အစိုးရရဲ့ ပထမဆုံးအကြိမ် ဖိတ်ကြားခံရတဲ့ မြန်မာအစိုးရ အဖွဲ့ဝင်တစ်ဦးအဖြစ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက နေရာအများစု အနိုင်ရပြီးတဲ့နောက် အမေရိကန် အစိုးရက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတချို့ ဆိုင်းငံ့ပေးပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကိုလည်း သံအမတ်ကြီး အဆင့်အထိ တိုးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဦးဝဏ္ဏမောင်လွင်ကို တရားဝင် ဖိတ်ကြားခဲ့ပါတယ်။ အခု ဦးဝဏ္ဏမောင်လွင် လာရောက်လည်ပတ်တဲ့ကိစ္စဟာ အမေရိကန်အနေနဲ့ မြန်မာအပေါ် အရေးယူပိတ်ဆို့ ထားတာတွေကို ပိုပြီးလျှော့ချသွားတော့မယ်ဆိုတာ မကြာခင်ရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိတယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။

အရင်က မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိသင့်တယ်လို့ ပြောဆိုခဲ့တဲ့ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းနဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်တို့ကလည်း ပိတ်ဆို့မှုအားလုံး ပြန်ရုပ်သင့်ပြီလို့ သမ္မတ အိုဘားမားကို တိုက်တွန်းခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှု လျှော့ပေါ့မယ့်ကိစ္စကို သူ့အနေနဲ့ မကန့်ကွက်ပေမဲ့ မြန်မာ့အပြောင်းအလဲအပေါ် အကောင်းမြင်လွန်းတာတွေ ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။