မြန်မာ့အရေး မျက်ကွယ်ပြုမရကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်းပြော
2024.09.20
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ထိုင်းနိုင်ငံအနေနဲ့ မျက်ကွယ်ပြုလို့ မရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow ရေသားထားတာကို ဘန်ကောက်ပိုစ့်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ခြားရေး ဒုဝန်ကြီး Sihasak Phuangketkeow ဟာ ဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin) အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၂၀ ရက်ဒီနေ့ ဘန်ကောက်ပိုစ့်မှာဖော်ပြတဲ့ “We must not lose sight of Myanmar ခေါင်းစဥ်နဲ့ အတွေးအမြင်ဆောင်းပါးမှာ ဒုဝန်ကြီးဟောင်း Sihasak Phuangketkeow က ရေးသားထားတာပါ။
အဲဒီဆောင်းပါးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုပြီးဆိုးရွားလာရင် ထိုင်းနိုင်ငံကို အများဆုံး သက်ရောက်မှု ရှိလာမယ်လို့ သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ဒီအကျိုးဆက်တွေကို ခံစားထားရပြီး ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကတည်းက ထိုင်းနိုင်ငံမှာ မြန်မာစစ်ဘေးဒုက္ခသည် ကိုးသောင်းကျော် ခိုလှုံနေခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရင် ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေ ပိုပြီးလက်ခံရဖို့ ရှိနေတယ်လို့ ဖော်ပြပါတယ်။
ထိုင်းမှာ ကာလရှည် နေထိုင်သူတွေလည်း ရှိလာမှာဖြစ်တာကြောင့် အာဏာပိုင်တွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးသာမက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ လူမှုဖူလုံရေးနဲ့ ပညာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေအတွက် ရေရှည်မဟာဗျူဟာတစ်ခုကို ချမှတ်ရဖို့ရှိလာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ပိုပြီးပါဝင်ဆောင်ရွက်သင့်ပြီး ထိုင်းစစ်တပ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အသုံးချနိုင်တယ်လို့ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့နဲ့ အဆုံးသတ်ရေး အဓိက အခန်းကဏ္ဍက ပါဝင်ဖို့ အသင့်ရှိနေကြောင်းလည်း စစ်ကောင်စီကို တိုက်ရိုက်အသိပေးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကြောင့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး ထောက်ခံအားပေးရမှာလည်း ထိုင်းနိုင်ငံက ပိုပြီးပါဝင်ဆောင်ရွက်သင့်တယ်လို့ ဖော်ပြထားပါတယ်။