မြန်မာ့အရေး နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းဖို့ Fortify Rights တောင်းဆို

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို စနစ်တကျ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်ဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (NVC) တွေကို ထုတ်ပေးခဲ့တယ်လို့ အချက်အလက်တွေကို ကိုးကားပြီး Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ… ဒုတိကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်း သတ်ဖြတ်ခံရတဲ့ လုပ်ရပ်၊ ၁၉၉၄ ခုနှစ် ရဝမ်ဒါပြည်တွင်းစစ်အတွင်း တွတ်စီလူမျိုးစုတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ လုပ်ရပ်တွေတုန်းကအတိုင်း မြန်မာစစ်တပ်က စနစ်တကျ ပုံစံတူ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

NVC ကတ်တွေမှာ ရိုဟင်ဂျာအစား ဘင်္ဂါလီလို့ ဖော်ပြခဲ့ပြီး၊ လူမျိုးစုတစ်စုကို စနစ်တကျ ခွဲထုတ်ပြီး ဖျက်ဆီးဖို့ ရည်ရွယ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Screenshot 2022-06-08 at 08-46-22 Genocide by Attrition - Fortify Rights Summary Report (MYA).pdf.png

နာဇီအစိုးရဟာ လူမျိုးစု မှတ်ပုံတင်တွေ ထုတ်ပေးပြီး ဂျူးလူမျိုးတွေကို သတ်ဖြတ်ခဲ့သလို၊ ရဝမ်ဒါသတ်ဖြတ်မှုမှာလည်း တွတ်စီမျိုးနွယ်စုတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား အချက်အလက်တွေကို အသုံးပြု သတ်ဖြတ်ခဲ့ပါတယ်။ ဒီပုံစံအတိုင်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလည်း ခံနေရတယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အရေးကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို ချက်ချင်းလွှဲပြောင်းပေးဖို့လည်း Fortify Rights အဖွဲ့က အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ လက်နက်နဲ့ ဘဏ္ဍာဝင်ငွေရမယ့် လမ်းပေါက်တွေကို ဖြတ်တောက်ဖို့လည်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်ပြီး အကူအညီတွေပေးဖို့လည်း Fortify Rights ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။