မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားတွေကို ကယ်တင်ရေး လုပ်ဆောင်
မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှားအစိုးရက မနေ့က ပြောလိုက်တဲ့အကြောင်း BenarNews သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အခကြေးငွေမရဘဲ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရပြီး လျှပ်စစ်နဲ့ပါ ရှော့တိုက်ခံရတယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတွေက အကူအညီတောင်းတဲ့ရုပ်သံ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပြီးနောက် ကယ်ဆယ်ရေး လုပ်ဖို့ ပြင်ဆင်ကြတာပါ။
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ် ဖလူးမှာ ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ရှာဖွေကယ်တင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀၇ ဦးထဲက ၄၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၆၃ ဦးဟာ အကူအညီကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၀ ခုနှစ်ကစပြီး အင်ဒိုနီးရှား နိုင်ငံသား ၃၇၀၀ ကျော်ဟာ လိမ်လည်မှုရဲ့ သားကောင်ဖြစ်ခဲ့ ရတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် အနောက်ဘက်ကမ်းတစ်လျှောက်မှာ ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံပေါင်း ငါးဆယ်ကျော်ကနေ လူကုန်ကူးခံထားရသူတွေကို အဲဒီလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေနေတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါ တယ်။