ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် မှာ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အဓိကပြင်ဆင်ချက်က ၃ ချက်လောက်ရှိပြီး ပိုပြီးလွတ်လပ်စွာ ဆန္ဒပြခွင့်နဲ့ တရားစွဲ ဆိုခွင့်ကို ပြင်ဆင်ထားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှေ့နေ ဦးအောင်သိန်း က အခုလိုတင်ပြ ခဲ့ပါတယ်။
"ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူး လွန်ကြောင်း တရားစွဲရာတွင် မလိုလားအပ်ဘဲ အချိန်ကြန့်ကြာမှု မရှိစေရန်အတွက် သက်ဆိုင်ရာတရားရုံးသို့ ၁၅ ရက်အတွင်း တရားစွဲဆိုပို့ရမည်ဟု ပြင်ဆင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်၊ တရားရုံးတစ်ရုံးထက်ပိုပြီး တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်စေရန်အတွက် ဆက်စပ်မြို့နယ်များ ပါဝင်နေပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းဖြစ်လျှင် ပြစ်မှုကို စတင်ဖောက်ဖျက်ကျူးလွန်တဲ့ မြို့နယ်တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိသည်ဟု ပြင်ဆင်ဖြည့်စွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်"
လက်ရှိ တည်ဆဲဥပဒေအရ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ရင် ခွင့်မပြုတဲ့ နေရာမှာ ဆန္ဒပြရင် နှစ်နဲ့ချီကြာပြီးမှ တရားစွဲဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြဖြတ်သန်းရာ လမ်းတလျှောက် မြို့နယ်ပေါင်းစုံက တရားစွဲဆိုတာတွေ လည်း ရှိခဲ့ပါတယ်။
အခု ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လိုသူတွေဟာ သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်း စရာမလိုဘဲ ၄၈ နာရီကြိုပြီး အသိပေးအကြောင်းကြားဖို့လည်း ပါရှိပါတယ်။
အဲ့ဒီ ဥပဒေကြမ်းကို ဆွေးနွေးလိုတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် မေလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
