နိုင်ငံတော်အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ ၄ ရက်ကြာ အထိန်းသိမ်းခံခဲ့ရတဲ့ မုံရွာမြို့က အလွတ် ဓါတ်ပုံသတင်းထောက် ကိုအောင်နေမျိုးဟာ ဒီကနေ့ မုံရွာအကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။
သူ့ရဲ့ facebook စာမျက်နှာမှာတင်ထားတဲ့ ပို့စ်တစ်ခု နဲ့ပတ်သက်ပြီး ရဲသတင်း အထူးတပ်ဖွဲ့က ခေါ်ယူ ပြီးမေးမြန်းတာလို့ ကိုအောင်နေမျိုးက ပြောပါတယ်။
"သူတို့ခေါ်ဆွေးနွေးတာပေါ့၊ ဆွေးနွေးပြီး လွှတ်ပေးလိုက်တာပါပဲ၊ ဖမ်းဆီးတဲ့သဘောမျိုး မဟုတ်ပါဘူး၊ ဒီပို့စ်လေးတင်တာ ဘယ်ကနေရှယ် တင်တာလဲ၊ အဲ့ဒါမျိုးပဲမေးတာပါ"
facebook မှာ လူတစ်ယောက်တင်ထားတဲ့ ကွမ်လုံရက် ၄၀ တိုက်ပွဲ ရုပ်ရှင်ပိုစတာကို ကိုအောင်နေမျိုးက ထပ်ဆင့်ဝေမျှပြီး တင်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီပိုစတာဟာ အစိုးရထိပ်တန်းခေါင်းဆောင်တွေကို သရော်လှောင်ပြောင်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပြီး တစ်ဆင့်ခံဖြန့်လိုက်တဲ့ အတွက် နိုင်ငံတော် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (က) (င) တို့နဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုအောင်နေမျိုးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မုံရွာမြို့နေအိမ်မှာ ရဲသတင်းအထူးတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို အရေးယူဖို့တပ်ထားတဲ့ ပုဒ်မတွေကိုလည်း ပယ်ဖျက်လိုက်တယ် လို့ ပြောပါတယ်။
