ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့က မြင်သားကျေးရွာကို ဩဂုတ်လ ၁၁ ရက် ညနေ ၃ နာရီခွဲမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်သားကျေးရွာက အသက် ငါးဆယ်နှစ်အရွယ် ဒေါ်ကောက်ထွေးနဲ့ အသက် သုံးဆယ်နှစ် အရွယ် ကိုမှတ်ကြီးမောင် နှစ်ဦးက လက်နက်ကြီးကျည် ထိမှန်ပြီးသေဆုံးခဲ့ပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရရှိပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထွက်ပြေးခဲ့ပေမယ့် အရပ်သားတချို့ ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ကတုန်းက ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ထုတာ။ အဲဒီမှာ ရွာထဲကလူတွေ ထွက်ပြေးတယ်ဗျ။ ပြေးနေတုန်းမှာ နောက်ထပ်လက်နက်ကြီးတွေနဲ့ ထပ်ပစ်တော့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ထိပြီး ပွဲချင်းပြီး သေကုန်တယ်ဗျ"

ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရသူကို RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ မြင်သားကျေးရွာက ဒေသခံ သုံးထောင်နီးပါးဟာ ဘေးလွှတ်ရာ တောတောင်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို ထွက်ပြေးရှောင်တိမ်း နေရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် မကွေးတိုင်းအတွင်း ဒေသခံနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။