ဂန့်ဂေါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တဲ့အပြင် မြေပြင်ကလည်း စစ်ကြောင်းထိုးတာကြောင့် သြဂုတ်လ ၁၆ ရက်နေ့မှာ အရပ်သား ၃၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဩဂုတ်လ ၁၅ ရက်မှာ မင်းရွာကို ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၁၆ ရက်မနက်မှာတော့ မင်းရွာ၊ ခေါက်ခူ၊ ပန်းထိပ်၊ ရှောက်ပင်ရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

ဩဂုတ်လ ၁၅ ရက်က မင်းရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က မင်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မင်းရွာရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တယ်။ မနေ့က မင်းရွာကိုလည်း မနက်ပိုင်း ၈ နာရီကျော် မှာ လေယာဉ် နှစ်စီးနဲ့ လာပစ်တယ်။ ရွာက မြသိန်းတန်ဘုရားအက်တယ်။ ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ သုံးလုံးနဲ့ ရွာထဲက ခုနစ်အိမ်၊ ရှစ်အိမ်လောက် ပျက်စီးသွားတယ်ဗျ"

ဒီတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးထိခိုက်မှု ရှိ၊ မရှိကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

လက်ရှိ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှာ အင်အား ၈၀ နီးပါးရှိပြီး ဂန့်ဂေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၅၀) က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းစစ်ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းမှာ ဒေသခံနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ ပါတယ်။