ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ထူထောင်မည်


2015.06.27
bogyoke-aungsan-foundation-620 ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

မကွေးတိုင်း နတ်မောက်မြို့မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ပွဲတော်က ရရှိတဲ့ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို မတည်ပြီး ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်း တည်ထောင်ဖို့ဖောင်ဒေးရှင်း ယာယီဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖောင်ဒေးရှင်း ယာယီ ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဌ ဒေါက်တာ စိုးမင်းက ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းအကြောင်း အခုလို ပြောပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပွဲကျင်းပကတည်းက ရည်ရွယ်ချက်ရှိခဲ့တာပေါ့နော်၊ အဲ့ဒီတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပွဲကျင်းပစဉ်တုန်းက ကျင်းပခြင်းရည်ရွယ်ချက်ဆိုတာပါပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဘက်စုံပေါ့နော် ထူးချွန်တဲ့ အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းရေးဆိုတဲ့ ကျနော်တို့ ရည်ရွယ်ချက်တစ်ခုပါပါတယ်၊ အဲ့ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့သဘောနဲ့ ကျနော်တို့ ပိုလျှံတဲ့ငွေတွေကို ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းဖြစ်ပါတယ်"

ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက် ၆ ချက်ထဲမှာ ဗိုလ်ချုပ်လို ဂုဏ်အရည်အချင်းရှိနေတဲ့ လူငယ်တွေကိုဖော်ထုတ်ပြီး အောင်ဆန်းဂုဏ်ရည်ဆုကို နှစ်စဉ်ချီးမြှင့်သွားမယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနှံ့ ဘုန်းတော်ကြီးကျောင်းတွေကို ထောက်ပံ့မယ့်အစီစဉ်၊ အခြေခံပညာအထက်တန်းကို ထူးထူးချွန်ချွန်နဲ့အောင်ပြီး တက္ကသိုလ်ဆက်တက်ဖို့ ခက်ခဲနေတဲ့ကျောင်းသား ကျောင်းသူတွေ၊ ပညာရေး ထူးချွန်ပြီး နိုင်ငံအကျိုးပြုမယ့် လူငယ်တွေကိုရွေးချယ်ပြီး နိုင်ငံတကာအဆင့်မီ ကျောင်းတွေကိုပို့ပြီး ပညာသင် ကြားဖို့ထောက်ပံမယ့် အစီစဉ်တွေကိုလည်း ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

လာမယ့်နှစ် ၂ဝ၁၆ ခုနှစ်ကစပြီး ဖောင်ဒေးရှင်းလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။