ပြည်တွင်းရွှေစျေး ၃၉ သိန်းကျော်လာပြီး ဒေါ်လာစျေး ၃၉၅၀ ကျပ်ထိစျေးတက်

RFA Burmese
2023.08.18
ပြည်တွင်းရွှေစျေး ၃၉ သိန်းကျော်လာပြီး ဒေါ်လာစျေး ၃၉၅၀ ကျပ်ထိစျေးတက် ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ ရတနာရွှေဆိုင်များကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့၊ ပြင်ပရွှေစျေးကွက်မှာ ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် ၂ နာရီအထိ ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ၃၉ သိန်းကျော် (၃၉၄၅၀၀၀ ကျပ်) ထိ စျေးမြင့်တက်နေပြီး၊ အမေရိကန်ဒေါ်လာစျေးနှုန်းကလည်း ၃၉၅၀ ကျပ်ထိ စျေးမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရွှေစျေးက ဩဂုတ်လ ၁၅ ရက်မှာ ၃၇ သိန်း ခုနစ်သောင်း (၃၇၇၀၀၀၀) စျေးပေါက်ခဲ့သလို ၁၆ ရက်နေ့မှာတော့ ၃၈ သိန်းကျော်ဖြစ်လာပြီး၊ ဒီနေ့မှာ ၃၉ သိန်းကျော်ထိ စျေးမြင့်တက်လာတာလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"ရွှေစျေးရော၊ ဒေါ်လာစျေးရော တရိပ်ရိပ်တက်လာတာ။ ဒီလထဲမှာ မတက်တဲ့နေ့ရယ် လို့ကို မရှိဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လထဲကမှ ရွှေစျေးက ၃၄ သိန်းနဲ့ ဒေါ်လာစျေးက ၃၂၀၀၊ ၃၃၀၀ ပဲရှိတယ်။ အခုဒီနေ့ နေ့လယ်ပိုင်း ၁နာရီဖွင့်တဲ့စျေးအရ ၃၉ သိန်းကျော်သွားပြီ၊ ဒီနေ့ညနေ ဆက်မတက်ဘူးလည်း မပြောနိုင်ဘူး"

ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေနိုင်တဲ့ငွေကြေးအဖြစ် စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်လိုက်တဲ့ သတင်းထွက်ပေါ်လာတာကြောင့်လည်း ဘတ်ငွေလဲနှုန်းတွေ မြင့်တက်လာပြီး ဒေါ်လာစျေးပါ နေ့စဉ်ရက်ဆက်တက်နေတာလို့ ရန်ကုန်မြို့က ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

"ထိုင်းဘတ်ငွေကို နိုင်ငံတကာပေးချေရှင်းလင်းဆောင်ရွက်လို့ရတဲ့ငွေကြေးအဖြစ် သတ်မှတ်လိုက်တဲ့ သတင်းကိစ္စကလည်း ဒေါ်လာစျေးတွေက သိသိသာသာ ထိုးတက်သွားရတာဖြစ်တယ်။ စျေးကွက်ထဲမှာ ရောင်းတဲ့သူထက် ဝယ်တဲ့သူတွေက ပိုများလာတယ်။ ဒါကြောင့် ဒေါ်လာစျေးတွေက တက်နေတာ။ ဒေါ်လာက ဝယ်ချင်ရင် ၃၉၅၀၊ ရောင်းချင်ရင် ၃၉၀၀ ပေါက်နေတယ်"

ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၁၁၀ ကျပ်အထိ စျေးဖွင့် ဝယ်ရောင်းလုပ်နေကြတယ်လို့ လည်း သူကဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က မြန်မာ စစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့ ဒေါ်လာလက်ဝယ်မရှိဖို့နဲ့ လောင်စာဆီ ဝယ်ယူမသုံးစွဲနိုင်အောင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

MFTB နဲ့ MICB ဘဏ်နှစ်ခုလုံးဟာ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စတဲ့ နိုင်ငံခြားငွေတွေ အများဆုံးစီးဆင်းနေတဲ့ဘဏ်တွေ ဖြစ်ပါတယ်။ ဒီဘဏ် နှစ်ဘဏ်ကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ကြေညာအပြီးမှာပဲ ဒေါ်လာနဲ့ ရွှေစျေးတွေ မြင့်တက်လာတာပါ။

စစ်ကောင်စီကတော့ ဒေါ်လာနဲ့ ရွှေစျေးမြင့်တက်လာတာကို ထိန်းချုပ်ဖို့ နိုင်ငံခြားငွေ လဲလှယ်ရောင်းချတဲ့ လူပုဂ္ဂိုလ်တွေကိုဖမ်းဆီးတာ၊ ကုမ္ပဏီတွေကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။