SSPP နဲ့ အစိုးရတပ် တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေဆုံး

2019-03-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းအစပ်နေရာဖြစ်တဲ့ ကျေးသီးနဲ့ သီပေါမြို့နယ်ကြားက ပန်ခါးတောင်ကြောမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ၃ ရက်ကြာတိုက်ပွဲအတွင်း ဒေသခံတစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်ဖြစ်တဲ့ ပန်ခါးရွာက အသက် ၆၇ နှစ်အရွယ် ရွာသား ဦးလုံးဆာ ဆိုသူသေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် ဦးလုံးမောင်နဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးဟာ ကျေးသီးဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမိန်းက ပြောပါတယ်။

မနေ့က ညနေ ၄ နာရီလောက်အထိ အစိုးရတပ်မတော်ဘက်က လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ SSPP က ဗိုလ်မှူးသန်းအောင်က RFA ကို ပြောပါတယ်။ ရှမ်းပြည်နယ်စစ်ဌာနချုပ် တိုင်းဦးစီးမှူးတွေထံ RFA က ဆက်သွယ်ပေမယ့် ဒီညနေအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

လက်ရှိမှာလည်း အဲဒီတဝိုက်မှာ နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ SSPP နဲ့ ဒေသခံတွေက ပြောပါတယ်။

အရင်နေ့တွေက ပန်ခါးတောင်ကြောတဝိုက်မှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးတင်းမာနေကြတာဖြစ်ပြီး အစိုးရတပ်မတော်က RCSS တပ်ရှိတဲ့နေရာကနေကျော်ပြီး SSPP တပ်စွဲတဲ့နေရာကို ရောက်လာတာလို့ SSPP က ဗိုလ်မှူးစိုင်းသန်းအောင် က ပြောပါတယ်။

‘’ပန်ခုတ်ပန်ခါးတောင်ကြောမှာ မိုင်းတုံမိုင်းလာ ကြားထဲမှာပေါ့ ၉ ရက်နေ့ကနေစပြီးတော့ ၁၁ ရက်နေ့ အထိ တပ်မတော်နဲ့တိုက်ရိုက် တိုက်ပွဲဖြစ်တယ်ဗျာ၊ အဲဒီတောင်ကြောမှာ မနေ့က နောက်ဆုံး ၄ နာရီ ရဟတ်ယာဉ် တစ်စင်းနဲ့ လာပစ်သွားတယ်၊ ညနေပိုင်း ၄ နာရီ၊ RCSS နဲ့ ကျွန်တော်တို့တပ် တင်းမာနေတဲ့အချိန်မှာ တပ်မတော် က RCSS တပ်ကိုကျော်သွားပြီးတော့ ကျွန်တော်တို့ကို လာတိုက်တယ်၊ ကျွန်တော်တို့ မဆုတ်နိုင်တဲ့နေရာကို သူတို့ကတမင်သက်သက် ဆုတ်ခိုင်းတာလေ၊ ဆုတ်ပြီးပြီဆိုရင် တပ်မတော်က နေရာလာတပ်စွဲထားရင် တမျိုးပေါ့လေ၊ တပ်စွဲထားတာမလုပ်ပဲနဲ့ RCSS ကို နေရာပေးတဲ့သဘောဆိုရင်တော့ ကျွန်တော်တို့ မဆုတ်ပေးနိုင်တာပေါ့ ’’

တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်က ပန်ခါး၊ ပန်ခမ်း၊ ကန်ကွဲ၊ ကွန်တီး၊ ဝမ့်ဟော် စတဲ့ ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံတစ်ထောင်လောက်ဟာ သီပေါနဲ့ ကျေးသီးမြို့ပေါ်ကို ထွက်ပြေးကြရပါတယ်။

ပန်ခမ်းရွာသား ဦးစိုင်းခမ်းညိုက

‘’ထွက်ပြေးလာရတာ ၃ ရက်လောက်တော့ရှိနေပြီလေ ရွာမှာ ဘယ်သူမှမကျန်တော့ဘူးလေ’’

ကျေးသီးမြို့ပေါ်ကိုတော့ ဒုက္ခသည် ၅၀၀ ကျော်ရောက်ရှိလာပြီး စစ်ဘေးဒုက္ခသည်တွေကို နှစ်နေရာစီခွဲပြီး နေရာချထားပေးရတယ်လို့ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိန်း က ပြောပါတယ်။

‘’ဒဏ်ရာရတဲ့သူက အဘွားကြီးတစ်ယောက်ရယ် အမျိုးသားတစ်ယောက်ရယ် သူ့ကိုတော့ တစ်မြန်နေ့ က ကျေးသီးဆေးရုံကို ပို့လိုက်ရတယ်၊ ရွာသားတွေ ပြောပြချက်အရဆိုရင် စဖြစ်တဲ့လွန်ခဲ့တဲ့ ၃ ရက်က တပ်မတော်က ကျေးသီးကနေ စစ်ကြောင်းတစ်ကြောင်းဝင်သွားပြီးတော့ SSPP ရှိတဲ့ ပန်ခမ်းရွာတောင်ကုန်းပေါ် ရွာသားနှစ်ယောက်တက်ခိုင်းတာ စာသွားပို့ခိုင်းတာ မနက် ၄ နာရီလောက် အခြေအနေက တင်းမာနေတာကို ရွာသားကို အတင်းတက်ခိုင်းတော့ မိုင်းနင်းမိတာလား တိုက်ပွဲမိတာလားမသိဘူး တစ်ယောက်က ဆုံးသွားတယ်ဗျ’’

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ရှမ်းနဲ့ကချင်ပြည်နယ်အပါအဝင် စစ်တိုင်းဒေသကြီး ၅ ခုမှာ စစ်ဆင်ရေး လှုပ်ရှားမှုတွေ ၄ လကြာရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီလိုကြေညာပြီးနောက် ဖွဲ့စည်းလိုက်တဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဟာ SSPP တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ ဖေဖော်ဝါရီလကုန်လောက်က တေ့ွဆုံခဲ့ပါသေးတယ်။

လက်ရှိအစိုးရတပ်မတော်နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့က တိုင်းဦးစီးမှူးတွေဆီ RFA က ဆက်သွယ်မေးမြန်းပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူးခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့