ရက္ခိုင့်တပ်မတော်ကို အပြီး တိုင်ချေမှုန်းသွားမယ်လို့ မြန်မာ့ တပ်မတော် ပြောကြား


2016.01.08
arakhine-army-620.jpg Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
Photo: Arakan Army

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ကြိုးစားနေချိန်မှာ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ဆောင်ရွက်နေကြောင်းနဲ့ AA အဖွဲ့ကို အပြီးတိုင်ရှင်းလင်းတိုက်ခိုက် ချေ မှုန်းသွားမှာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ကနေ ဒီနှစ် ဇန်နဝါရီလ ၄ရက်နေ့အထိ ၈ရက်အတွင်း AA နဲ့ အစိုးရတပ်မတော် တို့အကြား တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦးနဲ့ အရာရှိစစ်သည်တချို့ ကျဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် AA တပ်ဖွဲ့ဝင်တွေဟာ အဖွဲ့ငယ်တွေ ဖြန့်ကျက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တွေက ကျေးရွာတွေမှာ အရပ်သားတွေအဖြစ် ခိုအောင်းနေကြောင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာအနီးမှာ တောင်ယာလုပ်ကိုင်နေတဲ့ ရွာခံ ၇ဦး ဖမ်းဆီးထားကြောင်းလည်း ပါရှိပါတယ်။

AA အဖွဲ့က အဲဒီရွာခံ ၇ဦးကို ဖမ်းဆီးထားတာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် ယာယီစောင့်ရှောက်ပေးထားတာဖြစ်ပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ဘက်က ပြောပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်-စစ်တွေလမ်းမှာ ယာဉ်အဝင်အထွက်တွေကို စီစစ်နေတယ်လို့ သိရပါတယ်။

ကုန်ကားတွေ၊ လိုင်းကားတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်တာတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး လက်နက်ခဲယမ်းတွေ ဝင်ရောက်မလာဖို့ စီစစ်နေတာလို့ ကျောက်တော်မြို့မှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ဧပြီလတုန်းကလည်း ကုန်ကားတွေနဲ့ လက်နက်ခဲယမ်းတွေ တင်ပို့တယ်ဆိုတဲ့ စစ်ဆေးဖော်ထုတ်ချက်အရ နဂိုကတည်းက စစ်ဆေးနေတာ၊ အခုကတော့ ပိုပြီးတော့န်မြှင့် ဆောင်ရွက်တာပေါ့၊ ကျနော်တို့ ဒီကိစ္စပြီးသွားရင် ပုံမှန်တော့ဆောင်ရွက်သွားရမယ်၊ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးတွေ ဝင်မလာဖို့အတွက် ကျနော်တို့က ပုံမှန်တော့ဆောင်ရွက်သွားရမှာပေါ့"

လုံခြုံရေးကို ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနဲ့ အစိုးရတပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး ကျီရွာပြင်ရွာက အုပ်ချုပ်ရေးမှူး ဦးတင်အေးမောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။