ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ဗဟိုဌာနချုပ်ကို တိုက်ခိုက်ဖို့ တပ်မတော်အကြောင်းကြား


2015.10.08
sspp-ssa-620.jpg ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
Photo courtesy of SSPP/SSA

အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်ထဲက (SSPP/SSA) ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေကို ဆုတ်ခွာသွားဖို့နဲ့ မဆုတ်ခွာဘူးဆိုရင် ဝမ်ဟိုင်းဗဟိုဌာနချုပ်ကို တိုက်ခိုက်မှာဖြစ်ကြောင်း အစိုးရဘက်က သတိပေးညွန်ကြားလိုက်တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

အစိုးရတပ်တွေအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်လိုတဲ့အတွက် ဒီကနေ့မနက်ပိုင်းက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးတစ်ဦးက တယ်လီဖုန်းဆက်ပြောလာတာဖြစ်တယ်လို့ အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလ ကပြောပါတယ်။

"ဒီနေ့မနက် ၉ နာရီ ဝန်းကျင်လောက်မှာ အရှေ့အလယ်ပိုင်း ဗိုလ်မှူးကြီးက ဖုန်းဆက်လာတယ်၊ ကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာကနေ ဖယ်ပေးဖို့ပေါ့၊ ဆုတ်မပေးရင် ဝမ်ဟိုင်းကို တိုက်မယ်လို့ ပြောခဲ့တယ်"

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၇၂ လက်အောက်ခံ တပ်တွေ ပြီးခဲ့တဲ့ရက်တွေထဲက တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစိုင်းလကတော့ ရှမ်းပြည်မြောက်ပိုင်းတပ်တွေအနေနဲ့ လက်ရှိနေရာကနေ ဆုတ်ခွာသွားမှာမဟုတ်တဲ့ အတွက် အစိုးရဘက်က ဝမ်ဟိုင်းဌာနချုပ်ကို တိုက်ခိုက်လာရင် ပြန်ပြီးခုခံသွားမယ်လို့ ပြောပါတယ်။

ဗိုလ်မှူးကြီးစိုင်းလကို RFA အဖွဲ့သူ မခင်ခင်အိဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။