ဝန်ထမ်းတွေကို ကားပါမစ် ချပေးတာ ရွေးကောက်ပွဲ မဲဆွယ်တာ မဟုတ်

NLD အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုဖို့ ဆောင်ရွက်တာဟာ အပြင်မှာ ဝေဖန်နေကြသလို ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အနေနဲ့ ဆောင်ရွက်တာမျိုး မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့် ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဝန်ကြီး ဒေါက်တာသန်းမြင့်ကို မီဒီယာတွေက မေးမြန်းရာမှာ ဝန်ကြီးက ဖြေကြားခဲ့တာပါ။

ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုရာမှာ ပထမအဆင့်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်း တံဆိပ်ရသူ ဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ရွေးကောက်ပွဲနီးလို့ မဲဆွယ်တဲ့အနေနဲ့ ဆောင်ရွက်တာဆိုပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုရာမှာ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မပါကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းဟာ သတင်းမှားသာဖြစ်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ကားတင်သွင်းခွင့်ပြုမယ့် ရာထူး အဆင့်အတန်းအတိုင်း တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေကိုလည်း ခွင့်ပြုပေးမှာဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒီနေ့ နေ့လယ်ပိုင်းက ကားအရောင်းပြခန်း လုပ်ငန်း ရှင်တွေနဲ့ တွေ့ဆုံပြီး ကားတင်သွင်းခွင့်ရမယ့် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားကို အရစ်ကျနဲ့ ရောင်းချပေးရေး ဆွေးနွေးပွဲအပြီးမှာ အခုလို မီဒီယာတွေကို ဖြေကြားခဲ့တာပါ။

လတ်တလောမှာ ဝန်ကြီးဌာနတွေမှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အမည်စာရင်းကို စတင်ပြုစုနေပြီး ဒုတိယအဆင့်အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်း တံဆိပ်ရသူ ဝန်ထမ်းတွေ စာရင်းကို ကောက်ခံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောပါတယ်။

ဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပြုရာမှာ အခွန်ဘယ်လောက် ကင်းလွတ်ခွင့် ပြုမလဲဆိုတာနဲ့ ပတ်သက်ပြီး အခွန်နှုန်းထားကိုတော့ လက်ရှိညှိနှိုင်းနေကြောင်းနဲ့ ကားတင်သွင်းခွင့် ဘယ်တော့စခွင့်ပြုမလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ညွှန်ကြားချက် ရလာတာနဲ့ စတင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဦးမင်းမင်းက ပြောပါတယ်။

ဒါ့အပြင် ကားတင်သွင်းခွင့် ပါမစ်တွေကို တစ်ဆင့်ပြန်လည် ရောင်းချတာမျိုးမဖြစ်အောင်လည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်းကြပ်စွာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကားတင်သွင်းခွင့်ရမယ့် ဝန်ထမ်းတွေအနေနဲ့ ကားတင်သွင်းမယ်ဆိုရင် စီးပွားကူးသန်းဝန်ကြီးဌာနဆီမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကားအရောင်းပြခန်းတွေမှာ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ဖို့ကိုလည်း One Stop Service စနစ်နဲ့ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ကားအရောင်းပြခန်း လုပ်ငန်းရှင် အများစုကတော့ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် ပေးတဲ့အပေါ်မှာ မကန့်ကွက်လိုပေမယ့် ကားအစီးရေ အများကြီး တင်သွင်းခွင့်ပြုလိုက်ရင် လက်ရှိ ကားအရောင်းအဝယ် လုပ်ငန်းကိုသွားပြီး မထိခိုက်ဖို့ကိုတော့ သတိထားဆောင်ရွက်သင့်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက တော့ ကားအရောင်းပြခန်း လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ပျက်သွားမှာ ထိခိုက်ဆုံးရှုံးမှုတွေရှိလာမှာကို စိုးရိမ်ပူပန်နေတာကို ကြားသိ ရကြောင်း၊ တင်သွင်းမယ့် ကားအရေအတွက်ဟာ တစ်ဆင့်ပြီးမှ တစ်ဆင့်တင်သွင်းမှာဖြစ်လို့ အရေအတွက် မများနိုင်တဲ့အတွက် ဈေးကွက်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ဖို့မရှိကြောင်း ဒီနေ့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကားတင်သွင်းခွင့်ပြုတာဟာ ဝန်ထမ်းတွေမှာ လက်ရှိအသုံးပြုနေတဲ့ ကားတွေက နှစ်ကြာပြီး ဟောင်းနွမ်းနေတာကြောင့် ကားအသစ်စီးနိုင်အောင် ဆောင်ရွက်တာဖြစ်ကြောင်း နဲ့ ဝန်ထမ်းတွေအတွက် နိုင်ငံတော်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ချီးမြှင့်တာဖြစ်ကြောင်း ပြောပါတယ်။