အသက် ၉၀ နဲ့အထက် သက်ကြီး ရွယ်အိုတွေကို ငွေကြေးထောက်ပံ့ မည်
2016.07.24

အသက် ၉၀ နဲ့အထက် သက်ကြီးရွယ်အိုတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က နှစ်စဉ်ငွေကြေးထောက်ပံ့ပေးမယ့်အစီအစဉ်ကို စတင် လိုက်ပါတယ်။
အသက် ၉၀ နဲ့ ၁၀၀ ကြား လူကြီးတွေအတွက် တစ်နှစ် ငွေကျပ် တစ်သောင်းခွဲနဲ့ အသက် ၁၀၀ နဲ့အထက်ကို တစ်သောင်းရှစ်ထောင်ကျပ် ထောက်ပံ့ပေး သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည် က ပြောပါတယ်။
"အသက် ၉ဝ နဲ့ ၁ဝဝ ကြားကို ၁ သောင်းခွဲ၊ ၁ဝဝ နဲ့ အထက်ကို ၁ သောင်းရှစ်ထောင်ပေါ့၊ တစ်နှစ်ကို တစ်ကြိမ်ပဲပေးမှာခင်ဗျ၊ ပြည်နယ်နဲ့တိုင်း ဒေသအသီသီးကိုတော့ ကျနော်တို့ ရုံးချုပ်က ဝန်ကြီးဌာန ကနေပြီးတော့ ခွဲပေးလိုက်ပြီးတော့လေ အဲ့ဒီ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးကမှ သက်ဆိုင်ရာမြို့နယ်က ကာယကံရှင်အရောက်တော့ ဆက်လက်ပြီးတော့ ခွဲဝေပေးသွားမှာဖြစ်ပါတယ်"
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၉၀ နဲ့အထက် သက်ကြီးရွယ်အို တစ်သောင်းခွဲနီးပါးရှိပြီး ထောက် ပံ့ငွေကြေးတွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တာဖြစ်ပြီး အသက် ၉၀ နဲ့အထက်ကို အစိုးရဘတ်ဂျက် နဲ့ထောက်ပံ့ခဲ့ပြီး အသက် ၁၀၀နဲ့ အထက်ကို ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေရဲ့ လစာငွေနဲ့ ထောက်ပံ့ ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ကစတင်ပြီး အစိုးရဘတ်ဂျက်နဲ့ပဲ နှစ်စဉ်ထောက်ပံ့သွားမှာဖြစ်သလို နှစ်အလိုက် ထောက်ပံ့တဲ့ ငွေကြေး ပမာဏ တိုးလာနိုင်တယ်လို့လည်း ဦးစိုးကြည် က ပြောပါတယ်။