အစိုးရ၊ တပ်မတော်နဲ့ KNU တို့ သင်္ကြန်မတိုင်ခင် တွေ့ဆုံဖို့ရှိ

2019-04-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KNU ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ဝ၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်။
KNU ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ဝ၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်။
Photo: Aung Moe Myint/ RFA

အစိုးရ၊ တပ်မတော်တို့နဲ့ လာမယ့် ဧပြီလ ၁၁၊ ၁၂ ရက်နေ့ တွေ့ဆုံပွဲတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU က အစိုးရရဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားရတဲ့အကြောင်းရင်း သဘောထားကို ဆွေးနွေးသွားမယ်လို့ KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီနေ့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ လာမယ့်ဧပြီလ ၁၁ ရက်နေ့မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တွေ့ဆုံပြီး ၁၂ ရက်နေ့မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး ကေအန်ယူဘက်က တွေ့ဆုံပွဲတက်ရောက်မယ့် ခေါင်းဆောင်တွေ ဒီနေ့ အစည်းအဝေး ကျင်းပနေတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ တက်ရောက်မယ့် KNU ကိုယ်စားလှယ်တွေ အမည်စာရင်းကို မနက်ဖြန်မှာ အစိုးရနဲ့ တပ်မတော်ကို ကေအန်ယူဖက်က အကြောင်းကြားဖို့ရှိတယ်လို့ သိရပါတယ်။

KNU ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အစိုးရကပြုလုပ်တဲ့ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတော့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ ကေအန်ယူ အဖွဲ့အနေနဲ့ တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွေမှာ တပ်မတော်ဘက်က လမ်းဖောက်လုပ်မှုတွေကြောင့် နှစ်ဖက်ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့