တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာ မိုးကြီးလေပြင်းတိုက်ခိုက်ပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒေသခံ တစ်ထောင်ကျော်အတွက် အစိုးရနဲ့ တပ်မတော်တို့ ပူးပေါင်းပြီး ဒီကနေ့အထိ ငွေကျပ်သိန်းလေးရာနီးပါးနဲ့ ဆန်အိတ် နှစ်ထောင်ဝန်းကျင်ကို လှူဒါန်းခဲ့ပါတယ်။
ကချင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်အတွက် ငွေကြေး လှူဒါန်းခဲ့သလို စားနပ်ရိက္ခာတွေ ပေးအပ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။
"မိမိတို့အိမ် ယာယီပြန်လည်ဆောက်လုပ်တဲ့နေရာမှာလည်း အသုံးချနိုင်ဖို့အတွက်ကို ကျနော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ တစ်အိမ်ထောင်ကို ငါးသောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ပြည်ထောင်စုဝန်ကြီးကလည်း တစ်အိမ်ထောင်ကို ငါးသောင်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း၂၁၂ အိမ်ဖြစ်တဲ့အတွက် ငွေသားအားဖြင့် ၂၁၂ သိန်း လက်ဝယ်ပေးပြီးဖြစ်ပါတယ်၊ စုစုပေါင်း ကျနော် တို့ ငွေသားအနေနဲ့တော့ ၃၇၃ သိန်း၊ ဆန်က ၁၆၇၇ အိတ်၊ ဆီက ပိဿာ ၄ဝ၊ ဆားက ပိဿာ ၂၄ဝ နဲ့ ကျန်တာတွေကတော့ ကျနော်တို့ အရေးပေါ်ပစ္စည်းတွေဖြစ်ပါတယ်၊ လှူဒါန်းထားတဲ့ ဆန်အိတ်တွေ ကတော့ အခု ရဟတ်ယာဉ်နဲ့သယ်နေတုန်း၊ အခုနက ရှေ့တန်းတွေမှာ ရောက်ရှိနေတာနဲ့ ကျနော်တို့ ဒီမှာတော့ ဆန်အိတ် ၁၄ဝ လောက်ပဲ မြစ်ကြီးနားမှာ ထပ်ပြီးသယ်ပေးဖို့ ကျန်ပါတယ်"
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ဟာ မနေ့က တပ်မတော်ရဟတ်ယာဉ်နဲ့ သွားရောက်လှူဒါန်း ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေတာကြောင့် အဲ့ဒီဒေသကနေ မြစ်ကြီးနားကို ကျောင်းလာတက်ရ မယ့် ကျောင်းသား၊ ကျောင်းသူ ၇ဝ နီးပါးကိုလည်း တပ်မတော် ရဟတ်ယာဉ်နဲ့ တပါတည်း ခေါ်ဆောင်ခဲ့ပါတယ်။
ဆော့လော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က လေပြင်းတိုက်ခိုက်ပြီး မိုးကြီးတာကြောင့် လာကင်ချောင်းရေ ကြီးပြီး လန်ဆယ်၊ လာကင်၊ နာပေဖုံ၊ တထုံကျင် စတဲ့ကျေးရွာ ၁ဝ ရွာက ဒေသခံတွေဟာ သဘာဝဘေးဒဏ်ခံနေရတာဖြစ်ပါတယ်။
အဲ့ဒီဒေသခံတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်ပြည်နယ်ခွဲ တာဝန်ရှိသူတွေက ကူညီပေးနေသလို မြန်မာနိုင်ငံကြက်ခြေနီနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း အရေးပေါ်ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေ ပါတယ်။
ဒီကနေ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်ပြီး တပ်မတော်ရဟတ်ယာဉ်နဲ့ အရေးပေါ်ပစ္စည်းတွေ သွားရောက်ပို့ဆောင်နေသလို ဆက်လက်ကူညီနိုင်ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေက အစိုးရအဖွဲ့ရုံးမှာ ဆွေးနွေးနေကြပါတယ်။
တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က မိုးကြီးပြီး ရေတိုက်စားတာကြောင့် နေအိမ် ၂၀၀ ကျော် ပြိုကျပျက်စီးခဲ့သလို လမ်းတံတားတွေလည်း ပျက်စီးခဲ့ပါတယ်။ ကယ်ဆယ်ရေးအတွက် တပ်မတော် လေယာဉ်နဲ့သာ သွားလာနိုင်တဲ့ နေရာဖြစ်တာကြောင့် အခုမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
