စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံ နှစ်သောင်းကျော်အတွက် တိုင်းအစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ငွေကျပ်သိန်း ၄၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပါတယ်။
မနေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကောလင်းမြို့နယ်ကို သွားရောက်ပြီး ရေဘေးဒဏ်ခံနေရ တဲ့ဒေသခံတွေနဲ့ တွေ့ဆုံစဉ် စားနပ်ရိက္ခာထောက်ပံ့ဖို့အတွက် ကူညီပေးခဲ့တာ ဖြစ်တယ်လို့စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
"အိမ်ထောင်စုပေါင်းကတော့ ၅၂၅၈ စုလောက်ရှိတယ်၊ ဝန်ကြီးချုပ် ခရီးစဉ်မှာတော့ မနေ့က ၉ ရက်နေ့ လှူဒါန်းခဲ့တာကတော့ ၃ ရက်စာဆန်ဖိုးဆိုပြီး လှူဒါန်းမှုတွေပြုထားခဲ့တယ်၊ ကျပ်သိန်းပေါင်း ၂ဝဝ ဝန်ကြီးချုပ်က အစိုးရအထောက်အပံ့ကနေမှာပေါ့ ၂ဝဝ ရယ်၊ ကယ်ဆယ်ရေးကသက်သက် ၂၁၄ သိန်း ပထမ ၉ သိန်း၊ နဂိုကတည်းက ကျနော်တို့ ရေဘေးရန်ပုံငွေဆိုပြီးတော့ရှိတယ်၊ သဘာဝဘေးပေါ့"
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ညကစပြီး မိုးဆက်တိုက်ရွာတာကြောင့် စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူး မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ကောလင်းမြို့နယ်က ထိခိုက်မှု အများဆုံးဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ကောလင်းမြို့မှာ ရေ ၁၀ ပေခန့်တက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်အားလုံးနဲ့ ကျေးရွာ ၁၁ ရွာ ရေနစ် မြုပ်ခဲ့ပြီး ဒီနေ့မနက် ၉ နာရီခန့်မှာ ရေတွေပြန်ကျသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်ပျက်စီးမှုတွေအတွက် စာရင်းအတိအကျ မရရှိသေးကြောင်းနဲ့ ကောလင်းမြို့နယ်ဆေးရုံနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အုတ်နံရံတွေပျက်စီးခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ရုံးက ရုံးသုံးပစ္စည်းတွေလည်း ပျက်စီးခဲ့ပါတယ်။
