အစိုးရနဲ့ UNFC တို့ ၄ ချက် သဘောတူ


2017.08.11
govt-unfc-press-622.jpg အစိုးရနဲ့ UNFC ကိုယ်စားလှယ်တွေ သြဂုတ်လ ၁၁ ရက်နေ့က NRPC မှာ သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်အဖွဲ့တို့ဟာ UNFC ဘက်က တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲက ၄ ချက်ကို သဘောတူညီမှု ရခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာပြုလုပ်တဲ့ နှစ်ရက် တာ ဆွေးနွေးပွဲအပြီးမှာ အဲဒီလို သဘောတူညီမှုရခဲ့တာလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို အခုလို ပြောပါတယ်။

"နံပါတ် ၁ ကနေ ၄ အထိကိုတော့ နှစ်ဦးနှစ်ဖက် ကျနော်တို့ သဘောတူညီနိုင်မယ့် အနေအထားမျိုးရပါတယ်၊ ၅၊ ၆၊ ၇၊ ၈ ကိုတော့ နှစ်ဖက်ဆွေးနွေးတယ်၊ သူ့သဘောထား ဆွေးနွေးတယ်၊ ကိုယ့်သဘောထား ဆွေးနွေးတယ်၊ အဲအပေါ်မှာတော့ မဆုံးဖြတ်ရသေးဘူး၊ နှစ်ဖက်ခေါင်းဆောင်တွေကို ပြန်တင်ပြမယ်"

သဘောတူညီမှုရတဲ့ ၄ချက်ကတော့ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၄ နာရီ အတွင်း ကြေညာပေးဖို့၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားဖို့၊ နိုင်ငံရေးတွေ့ဆုံပွဲ အဆင့်ဆင့်တွေမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တရားဝင် နိုင်ငံရေးပါတီတွေအပြင် ပါဝင်သင့်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်ဖို့နဲ့ ၂၁ ရာစုပင်လုံ ညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေကို မူတည်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ပြင်ဆင်ပြဌာန်းပေးဖို့ စတဲ့ အချက်လေးချက်ကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

တပ်နေရာ ပြန်လည် နေရာချထားရေး သဘောတူညီမှု၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူတွဲစောင့်ကြည့်ရေးကော် မတီ တစ်ရပ်ကို နှစ်ဖက်သဘောတူတဲ့ နိုင်ငံတကာက အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းသွားဖို့၊ NCA စာချုပ်မှာ ပါတဲ့အချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် စောင့်ကြည့်ဖို့အတွက် ဖျန်ဖြေရေး ကော်မရှင် ဖွဲ့စည်းပေးဖို့နဲ့ အပစ်ရပ်ဒေသတွေမှာ ပြုလုပ်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ၊ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့စတဲ့ အချက်တွေကတော့ ဆွေးနွေးဖို့ ကျန်ရှိနေပါသေးတယ်။

ကျန်ရှိနေတဲ့ အချက် ၄ ချက်ကို ဆွေးနွေးဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့ တို့ရဲ့ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာလမှာ ထပ်ပြီး ပြုလုပ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။