ကြို့ပင်ကောက်မှာ ပျူစောထီးတွေ တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်အစပ် မြေပြာရွာမှာ ဖေဖော်ဝါရီ ၈ ရက် မနေ့ညက ပျူစောထီးအဖွဲ့တွေကို ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဝင်တိုက်ခိုက်ခဲ့ရာ ငါးဦး သေဆုံးခဲ့တယ်လို့ အဲဒီ PDF အဖွဲ့ဝင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်၊ ည ၉ နာရီခွဲလောက်က ပျူစောထီးအဖွဲ့ဝင်တွေ အစည်းအဝေး လုပ်နေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ကြို့ပင်ကောက်မြို့နယ် PDF တပ်ဖွဲ့က တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက အင်းအားနည်းနေတော့ သူတို့ ဒလန်တွေ၊ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ရိုးမတောင်ခြေမှာ အင်းအားဖြန့်ထားတယ်လေ။ အဲဒီအဖွဲ့တွေက စခန်းထိုင် အစည်းအဝေးလုပ်တယ်လို့ သတင်းရတယ်။ အဲဒီအချိန်မှာ ဝင်ပစ်တာပေါ့"

အခုလို တိုက်ခိုက်ခဲ့လို့ ပျူစောထီး ခေါင်းဆောင်တွေဖြစ်တဲ့ ကိုနိုင်ဝင်း၊ ကိုစန်းငွေ၊ ကိုကျော်ဦးနဲ့ အပေါင်းအပါ နှစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီပျူစောထီးစခန်းမှာ အင်အား ၂၀ ကျော်ရှိပြီး PDF ဘက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိင်သေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။