ဟားခါး - မတူပီ ကားလမ်းပိုင်းမှာ မြေပြိုလို့ ကုန်စည်စီးဆင်းမှုရပ်တန့်

ချင်းပြည်နယ် ဟားခါးမြို့နဲ့ မတူပီမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းမှာ ဩဂုတ်လ ၁၆ ရက်က မြေပြိုပြီး လမ်းပြတ်တောက်သွားတာကြောင့် ကားနဲ့ ဆိုင်ကယ်တွေ သွားလာလို့မရတော့ဘဲ ကုန်စည် စီးဆင်းမှုလည်း ရပ်တန့်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၄ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဟားခါး-မတူပီ ကားလမ်း ပိုင်းမှာရှိတဲ့ မတူပီမြို့နယ် လုံလှော်နဲ့ ဇကမ်းရွာအကြားမှာ မြေပြိုပြီး လမ်းပြတ်တောက် သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီလမ်းက အရမ်းအသုံးပြုတဲ့လမ်းဖြစ်ပါတယ်။ အခုလို လမ်းမြေပြိုတာ ပြန်ပြုပြင်ဖို့ ကလည်း မလွယ်လောက်ဘူး။ ဒီတိုင်း ဒီလမ်းကို အသုံးမပြုနိုင်ဘူးဆိုရင်တော့ ကုန်စည် သယ်တဲ့အခါမှာရော၊ ခရီးသွားတဲ့ အခါမှာလည်းခက်ခဲမှာ"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။

ချင်းအမျိုးသားကာကွယ်ရေးတပ် CDF (မတူပီ)ကတော့ အခု ဆိုးဆိုးရွားရွား မြေပြိုတဲ့ နေရာအပြင် တချို့နေရာတွေမှာလည်း မြေပြိုမှုတွေ ဆက်ရှိနေတဲ့အတွက် ပြည်သူတွေ ခရီးသွားလာတာမလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

မတူပီမြို့နယ်ထဲက ဒေသခံတွေဟာ ကုန်စည်စီးဆင်းမှုအတွက် မတူပီ-မင်းတပ်လမ်းနဲ့ မတူပီ-ဟားခါးလမ်းကို အဓိကထားအသုံးပြုကြပြီး လမ်းပျက်စီးမှုတွေ အချိန်မီမပြုပြင် နိုင်ရင် ကုန်စျေးနှုန်းမြင့်တက်တာ အပါအဝင် ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံလာရနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။