တိုင်းရင်းသားအရေး ဦးစားပေးမယ်လို့ ဦးဟင်နရီဗန်ထီးယူ ပြောကြား
2016.03.10
အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတလောင်းတစ်ဦးအဖြစ် အဆိုပြုခံရတဲ့ ဦးဟင်နရီ ဗန်ထီးယူက ချင်းတိုင်းရင်းသားတစ်ယောက်အနေနဲ့ ဂုဏ်ယူကြောင်းနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့အစည်းအဝေးအပြီးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော့်ခံစားချက်နဲ့ပြောမယ်ဆိုရင် ကျနော် ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတွေနဲ့ ပတ်သက် ပြီးတော့ နိုင်ငံတော်အတွက် အဆင့်အမြင့်ဆုံး တာဝန်ပေးအပ်ခြင်းခံရတဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ ချင်းတိုင်းရင်းသားများကိုယ်စား အများကြီးဂုဏ်ယူပါတယ်၊ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ပါတယ်၊ လွှတ်တော်ရဲ့ အခင်းအကျင်းကိုပဲပြောပြောပေါ့နော်၊ အခု ကျနော်ကို ဒီတာဝန်ပေးအပ်တာနဲ့ပတ်သက် ပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေအပေါ်မှာ အလေးအနက်ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်၊ ဒါကြောင့်လည်း ကျနော်တို့ ရှေ့လျှောက်နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားတွေအနေနဲ့ တက်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းပြီးတော့ ကြိုးစားပြီး ဆောင်ရွက်ပါမယ်ဆိုတာ ကျနော်ပြောချင်ပါတယ်"
ဦးဟင်နရီဗန်ထီးယူဟာ တပ်မတော်ကနေ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး စက်ရုံ ၁ မှာ အစိုးရဝန်ထမ်း အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
သူဟာ အသက် ၅၈နှစ် ရှိပြီး လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ အန်အယ်လ်ဒီပါတီဝင် ဖြစ်လာပြီး၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ဇာတိဖြစ်တဲ့ ထန်တလန်မြို့နယ်ကို ကိုယ်စားပြုတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) မှာ ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။