ရခိုင်ပြည်နယ်က ဟိန္ဒူတွေအတွက် လုံခြုံရေးဆောင် ရွက်ပေးဖို့ တောင်းဆို


2017.10.01
hindus-corpse-622.jpg မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှာ သတ်ဖြတ်ပြီး မြေမြှုပ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ မိသားစုဝင်အချို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်သမားတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဟိန္ဒူ လူမျိုးတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ကျန်ခဲ့တဲ့ ဟိန္ဒူမိသားစုတွေအတွက် လုံခြုံရေးအစီအမံတွေကို ဆောင် ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်နဲ့ သနန္တနဓမ္မပါလ အဖွဲ့ချုပ်တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကို အစိုးရဘက်က ဆောင်ရွက်ပေးစေလိုပြီး ပြန်လည်ထူထောင်ရေးကို ရန်ကုန်အပါအဝင် မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူ က ပြောပါတယ်။

"စိတ်နဲ့ပတ်သက်တဲ့ ပြန်လည်ထူထောင်ရေးကျတော့ သူတို့ကိုသွားပြီး ကျနော်တို့ စိတ်ခွန်အားတွေပေါ့နော် ပေးနိုင်တာလေးတွေ၊ သူတို့နဲ့အတူရှိနေတယ်ဆိုတဲ့အကြောင်းကို Message လေး ဘာလေးပေးတာတို့ ကျနော်တို့ လုပ်ပေးနိုင်တယ်။ တကယ့် လက်တွေ့ဘဝနေထိုင်ရေး ကျတော့ နိုင်ငံတော်အစိုးရနဲ့ တွေ့ပြီးတော့ သူတို့ ဆုံးရှုံးသွားတဲ့ အိမ်တွေ၊ ဘာတွေကို ကျနော်တို့လည်း ပံ့ပိုးပေးမယ်။ နိုင်ငံတော်အစိုးရကိုလည်း အကူညီတောင်းမယ်ပေါ့နော်။ အဲ့လိုမျိုးတွေ ကျနော်တို့ က နိုင်ငံတော်အစိုးရနဲ့ လက်တွဲလိုတဲ့အကြောင်းကို ဒီကြေညာချက်ကို နိုင်ငံတော်အစိုးရဆီပို့ပြီး တွေ့ ခွင့်တောင်းမယ်"

အကြမ်းဖက်သမားတွေကြောင့် သေဆုံးခဲ့ရတဲ့ ဟိန္ဒူလူမျိုးတွေအတွက် ဟိန္ဒူဓလေ့အရ ဆုတောင်းတဲ့ အခမ်းအနားကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ဘုရားကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်ထဲမှာ ဟိန္ဒူလူမျိုးတချို့ဟာ ရွာလုံးကျွတ် အစုလိုက်အပြုံလိုက် အသတ်ခံရတာတွေ၊ တဘက်နိုင်ငံကို အလိုမတူဘဲ ခြိမ်းခြောက်ခေါ်ဆောင် ခံခဲ့ရတဲ့အတွက် အဲဒီလိုပြုမူတဲ့ ARSA အကြမ်းဖက်သမားတွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဟိန္ဒူလူမျိုးတွေအနေနဲ့ အခုလိုဖြစ်စဉ်တွေဟာ ဘာသာတစ်ခုကနေ နောက်ဘာသာတစ်ခုကို ပြုလုပ်တယ်လို့ မမြင်ဘဲ အကြမ်းဖက်ဝါဒကြောင့် အပြစ်မဲ့ပြည်သူတွေ သေကြေဒုက္ခရောက်ရတယ်လို့ ရှုမြင်ကြောင်း ဖော်ပြထား ပါတယ်။ ဘာသာပေါင်းစုံက ညီအစ်ကို မောင်နှမတွေနဲ့ အမုန်းမပွား၊ မေတ္တာမပျက် ဆက်လက်နေထိုင်ဖို့လည်း ဟိန္ဒူလူမျိုးတွေကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားမီဒီယာအချို့က ဟိန္ဒူလူမျိုးတွေကို ရိုဟင်ဂျာဟိန္ဒူ ဆိုတဲ့ ဝေါဟာရအသစ်အဖြစ် ခေါ် ဆိုနေကြတာကို မလုပ်ဖို့လည်း ကန့်ကွက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။