ထိုင်းရောက် သေဒဏ်ကျ မြန်မာနှစ်ဦး သတင်းကောင်း မျှော်လင့်နေ
2019.09.05
အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ လာရောက်တွေ့ဆုံ အားပေးစကားပြောတဲ့အတွက် အားတက်ပြီး လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်ထား စောင့်ဆိုင်းနေကြောင်း ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးက အမှာစကားပါးလိုက်ကြောင်း ဒီနေ့ သူတို့နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က RFA ကို ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းမှာ သူတို့ကို ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့ပြီး သံအမတ်ကြီးက စာအုပ်နဲ့ စားသောက်စရာတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
တပ်မတော် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်တဲ့အဖွဲ့တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သူတို့ကို ထောင်ဝင်စာသွားတွေ့ခဲ့တာ ရှိပါတယ်။
သူတို့နှစ်ဦးဟာ မိသားစုဝင်တွေနဲ့ တွေ့ဆုံလိုတဲ့ ဆန္ဒရှိတဲ့အတွက် တွေ့နိုင်ကြဖို့ စီစဉ်ပေးနေတယ်လို့ သူတို့နှစ်ဦးအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
လိပ်ကျွန်းအမှုမှာ ပါဝင် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ စုစုပေါင်း ၂၀ ခန့် ရှိပါတယ်။ မနက်ဖြန်မှာ ရှေ့နေတွေနဲ့ တွေ့ဆုံပြီး ထိုင်းဘုရင်ထံ အယူခံတင်နိုင်ရေး ဆွေးနွေးကြမယ်လို့ သိရပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)