စစ်တွေမြို့ အာဂျိတ်တော်ကုန်းက ကျူးကျော်တွေလို့သတ်မှတ်ခံထားရတဲ့ နေအိမ် ၁၀၀ ကျော်ကို ရဲ၊ စစ်တပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အလုပ်သမား ၁၀၀ ကျော်က မတ်လ ၁၀ ရက်နေ့မှာလာပြီးဖယ်ရှားခဲ့လို့ လူ၂ဝဝကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်။
အခုလို ဖယ်ရှားခံလိုက်ရလို့ ဘယ်မှာ သွားနေရမှန်းမသိတော့ဘူးလို့ ပေါက်တော မြို့နယ်က ပြောင်းရွှေ့နေ ထိုင်တဲ့ အသက် ၇၀ အရွယ် ဒေါ်ဦးမြစိန်က ပြောပါတယ်။
“နယ်ကနေပြီး ဒီကိုပြောင်းလာတာပါ။ ရွာမှာဆွေမျိုးအားကိုးတွေလည်းမရှိလို့ လာတာ။ ဒီမှာနေလို့ရတယ်ဆိုပြီး မနှစ်ကတည်းကနေနေတာ။ ဒီအိမ်ကိုလည်း ဟိုလူဆီကသစ်တစ်လုံး၊ ဒီလူဆီကသစ်တစ်လုံး အဲဒီလို လူတွေဝိုင်းပြီးဆောက်ပေးကြတာ။ သား သမီးလည်းလည်းမရှိဘူး။ ဘယ်ကိုသွားပြီး ဘယ်မှာနေရမည်မှန်း မသိတော့ဘူး။ နေလို့လည်းမကောင်းဘူး”
ဒေါ်ဦးမြစိန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စစ်တွေမြို့မှာ ကြုံရာကျပန်းအလုပ်တွေကိုလုပ်ကိုင်ရင်း ဒီနေရာမှာနေထိုင် နေခဲ့တာပါ။ နေစရာအိမ်မရှိတော့တဲ့ အသက်ရဝအရွယ် ဒေါ်ဦးမြစိန်အတွက် ဘဝရှေ့ရေးကဆက်တွေးဖို့ ခက်ခဲသွားပါပြီ။
သူ့လိုပဲ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ကနေ လာရောက်နေထိုင်တဲ့ ဒေါ်မိုးမိုးဆန်းကလည်း ကြုံရာ ကျပန်းလုပ်ရင်း တည်ဆောက်ခဲ့တဲ့ သူ့ရဲ့အိမ်အဖျက်ခံလိုက်ရလို့ ဘုန်းကြီးကျောင်းမှာ ကပ်နေရမယ့်အဖြစ်ကို ရောက်သွားပါပြီ။
“နေမယ့်နေရာမရှိလို့ ဒီမှာတောတွေဘာတွေရှင်းပြီး ရှာကြံပြီးတော့လာနေတာ။ ဒီအိမ်ကို လင်မယားနှစ် ယောက် ပန်းရံလုပ်ပြီးဆောက်ထားတာ။ တစ်ရက်ကို တစ်သောင်းကျော်ရတာကို ရှိစုမဲ့စုဆောက်ထားတာကို အခုအားလုံး ဖျက်ဆီးပစ်လိုက်ပြီ။ အားလုံး ဆုံးရှုံးသွားပြီးဆိုတော့ ဘုန်းကြီးကျောင်းမှာနေပြီး ဘယ်လို ခရီးဆက်ရမလဲဆိုတာ စီစဉ်ရတော့မှာပေါ့။ ဘယ်လိုပုံစံမျိုးနဲ့ စားဝတ်နေရေးအဆင်ပြေမလဲ၊ ကုန်ဈေးတွေ ကတက်တယ်၊ အလုပ်အကိုင်ကလည်းမဆင်မပြေဘူး။ မရှိဆင်းရဲလို့ လာနေပါတယ်ဆိုမှ ဘာတစ်ခုမှမကျန်တော့ဘူး”
ဒေါ်မိုးမိုးဆန်းတို့ မိသားစုဟာလည်း ကျေးရွာမှာ အလုပ်အကိုင်အဆင်မပြေတာကြောင့် လွန်ခဲ့တဲ့ ၅ လလောက် ကတည်းက စစ်တွေကိုသူ့ရဲ့အမျိုးသားနဲ့ရောက်လာပြီး ပန်းရံအလုပ်သမားအဖြစ်နဲ့ ဘဝကိုရုံးကန်နေတာပါ။
“ဘုန်းကြီးကျောင်းမှာနေပြီး ဘယ်လို ခရီးဆက်ရမလဲဆိုတာ စီစဉ်ရတော့မှာပေါ့။ ကုန်ဈေးတွေ ကတက်တယ်၊ အလုပ်အကိုင်ကလည်းမဆင်မပြေဘူး။ မရှိဆင်းရဲလို့ လာနေပါတယ်ဆိုမှ ဘာတစ်ခုမှမကျန်တော့ဘူး”
မင်းပြားမြို့ ဈေးဟောင်းရပ်ကွက်ကနေ ပြီးခဲ့တဲ့ ၅လလောက်က စစ်တွေကိုပြောင်းလာတဲ့ ဒေါ်ရီရီမိုးရဲ့ အိမ်လည်း အဖျက်ခံခဲ့ရပါတယ်။ အိမ်ရာမဲ့တွေအတွက် နေရာတစ်ခုခု စီစဉ်ပေးသင့်တယ်လို့ ဒေါ်ရီရီမိုးကပြောပါတယ်။
“ကိုယ့်ရခိုင်သား ရခိုင်မြေမှာနေတာကို မနေရဘူးဆိုရင် ကျမတို့ဘယ်နေရာမှာသွားနေရမှာလဲ။ သူတို့က မင်းတို့ ဒီနေရာမှာ မနေရဘူး၊ ဒီနေရာကသွား မင်းတို့ကို အစားထိုးမြေပေးမယ်ဆိုရင် ကျမတို့သဘောတူတယ်။ နေဖို့ တနေရာစာရရင်ပြီးပြီ။ ဘယ်လိုပဲနေရနေရ။ အခုအဲဒီလိုလည်းမပေးဘူူး။ လာတယ် အားလုံးကို ဖျက်ဆီး ပစ်လိုက်တယ်။ ကျမတို့ ဘယ်မှာသွားနေရမှာလဲ မစားရ မသောက်ရပြေးနေကြရတယ်”
စစ်တွေမြို့ အာဂျိတ်တော်ကုန်းက ကျူးကျော်လို့သတ်မှတ်ခံထားရတဲ့အိမ်တွေ ဖယ်ရှားတာနဲ့ ပတ်သက်လို့ တာဝန်ကျရဲအရှာရှိတစ်ဦးကို RFA ကမေးတဲ့အခါ ဒီနေရာဟာ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ နယ်မြေကိုကျူးကျော်ခွင့်မရှိ့ဘူးလို့ ဒေသန္တရအမိန့်ထုတ်ထားတာကြောင့် အခုလိုဖယ်ရှားရတာလို့ဆိုပါတယ်။ ဖယ်ရှားခံရသူတွေအတွက် မြေနေရာအစားထိုးပေးဖို့ အစီအစဉ်မရှိဘူးလို့လည်းဆိုပါတယ်။
အဲဒီ အာဂျိတ်တော်ကုန်းမှာ လူနေအိမ် ၇၅ လုံးနဲ့ လူမနေတဲ့အိမ် ၃၀ လုံးရှိပြီး လူဦးရေ ၂၈၅ ဦး နေထိုင်ကြပါတယ်။ ပြောင်းရွှေ့နေထိုင်သူ အများစုဟာ ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့ကဖြစ်ပြီး ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားမြို့နယ်ကသူတွေ ပါဝင်ကြပါတယ်။
