တိုက်ပွဲတွေကြောင့် ဖားကန့်ဒေသခံ သုံးသောင်းကျော် မြို့ကိုစွန့်ခွာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ခြောက်မိုင်အကွာ ဆိုင်းတောင်ရွာမှာ တိုက်ပွဲပြင်းထန်နေသလို ဖားကန့်မြို့ပေါ်ကိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိလာပြီး စစ်ရေးတင်းမာနေတာကြောင့် မြို့နေ လူဦးရေ သုံးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၁ ရက် နေ့မှာ RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ကစလို့ ဒေသခံတွေ စတင် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး ဒီနေ့မှာတော့ မြို့ပေါ်မှာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဖားကန့်မြို့ပေါ်ကတော့ လူခြေတိတ်ဆိတ်သွားပြီ။ ဘာလို့လဲဆိုတော့ မြို့နေ လူဦးရေတော်တော်များများက လုံးခင်းဘက်ခြမ်းနဲ့ အောက်ပြည်အောက်ရွာကို ဆင်းသွားကြတယ်။ အခုလည်း လုံးခင်းကနေ ပြန်ထွက်တဲ့ နန့်တိန်-ကာမိုင်း အဲဒီဘက်တစ်ကြောမှာ ကားတွေ ပိတ်မိနေတယ်လို့ ကြားတယ်။ ပိတ်မိနေတယ်ဆို လမ်းပိတ်ထားတာ မဟုတ်ဘူး၊ ကားတွေများပြီးတော့ လမ်းပိတ်တာ"

ဖားကန့်မြို့ပေါ်မှာ မှော်ဝမ်း၊ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာ၊ မရှိကထောင် စတဲ့ ရပ်ကွက် ငါးခုရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ခြောက်သောင်းကျော် နေထိုင်တာ ဖြစ်ပါတယ်။

မြို့ပေါ်အထိ တိုက်ပွဲမဖြစ်ပေမဲ့ ဖားကန့်မြို့ပေါ်မှာရှိတဲ့ စစ်တပ်ဗျူဟာကုန်းကနေ တိုက်ပွဲဖြစ်ရာနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို မြို့ပေါ်ရပ်ကွက်တွေကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုတွေ ရှိလာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ရမ်းပစ်တယ်။ မြို့လယ်မှာတွေ ကျပြီး ပြည်သူတွေသေတယ်။ အဲဒါကြောင့် ကြောက်ကြတာပေါ့။ ဆိုင်းတောင်ဘက်လည်း နေအိမ်တွေ မီးရှို့၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ လာပစ်တော့ ပြည်သူတွေ သေတာများတယ်။ အဲဒါကြောင့် အကုန်ကြောက်ပြီး ထွက်ပြေးကြတယ်။ ဆိုင်းတောင်ဘက်မှာတော့ ဒီနေ့လည်း တိုက်ပွဲ အကြီးအကျယ်ဖြစ်နေတယ်"

စက်တင်ဘာလ ၁၆ ရက်က ဖားကန့် ဗျူဟာကုန်းကပစ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့ပေါ်၊ ဆိုင်းတောင်းရွာနဲ့ မှော်တောင်းရွာတွေကို ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ နှစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ဆိုင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့သလို စပေါ့ရွာကို လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာတော့ စက်တင်ဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း နေအိမ် လေးရာခန့် မီးရှို့ဖျက်ဆီးခံထားရသလို တိုက်ပွဲအတွင်း ဒေသခံ သုံးဆယ်ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။