ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်မှာ မြေပြိုမှုဖြစ်ပြီး သြဂုတ်လ ၁၅ ရက်၊ ညနေ ၆ နာရီအထိ ပျောက်ဆုံး နေသူတွေထဲက၂၅ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိထားပြီလို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်မှာ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်မှာ ပေ သုံးရာအမြင့်ရှိတဲ့ မြေစာပုံနဲ့ ချောက်ကမ်းပါး ပြိုကျခဲ့တာပါ။ သြဂုတ်လ ၁၅ ရက် ဒီကနေ့အထိ ဒီမြေပြိုမှုအတွင်း ပျောက်ဆုံးနေတယ်လို့ စာရင်းပေးထားတဲ့ ကျောက်စိမ်းတူးဖော်သူ ၃၉ ဦး ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ ရှာဖွေရေးတွေ ဆက်လုပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
"အလောင်းတွေကတော့ တစ်လောင်းပြီး တစ်လောင်း ပေါ်လာနေတယ်"
ပျောက်ဆုံးနေသူတွေကို သြဂုတ်လ ၁၄ ရက်နေ့ကတည်းက စတင်ရှာဖွေခဲ့တာပါ။
မြေပြိုတဲ့ နေရာမှာ ရောက်နေတဲ့ ဒေသခံတစ်ဦးကလည်း ပြန်တွေ့ရတဲ့ ရုပ်အလောင်း တချို့ဟာ ဘယ်သူဘယ်ဝါ မသိလောက်အောင် ဆိုးဆိုးရွားရွား ပျက်စီးနေတယ်လို့ ပြောပါတယ်။
"အလောင်းတွေက ပျက်နေတော့ ပလတ်စတစ်နဲ့ထုပ်ပြီး ရုပ်မှတ်မိတဲ့သူတွေကတော့ နာမည်ရေးတယ်။ မမှတ်မိတဲ့သူတွေကိုတော့ ဒီတိုင်းထုပ်ထားတာ"
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မက်လင်ဂျောင်ရွာမှာရှိတဲ့ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမကုမ္ပဏီတို့ရဲ့ ကျောက်တူးဖော်ရေးလုပ်ကွက်မှာ မြေပြိုမှုကြောင့် ကုမ္ပဏီဝန်ထမ်းနဲ့ ကျောက်တူးသမား ရှစ်ဆယ်နီးပါး သေဆုံးခဲ့ရပါတယ်။
ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံ အရပ်ရပ်က လူပေါင်း လေးသိန်းနီးပါးဟာ ဖားကန့်ဒေသမှာ ရေမဆေးကျောက် ရှာဖွေနေကြပြီး ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေမှာ အလုပ်လုပ်ကိုင်နေကြပါတယ်။