ဖားကန့်မှာ လက်နက်ကြီးကြောင့် အရပ်သားခုနစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပုတ်ရွာထဲကို ဩဂုတ်လ ၁၈ ရက် ဒီနေ့မှာ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန့်ပုတ်ရွာနဲ့ မီတာ ၅၀၀ လောက်ဝေးတဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်စွဲထားတဲ့ သံယောဇဉ်ကုန်းဆိုတဲ့ နေရာကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမှာ ရွာက စျေးတန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီ ၅ မိနစ်လောက်မှာ ၆၀ မမ နှစ်လုံးနဲ့ ရွာထဲကိုပစ်တဲ့အချိန် ထိသွားတာ။ မနေ့က ရွာလူကြီးတွေကို အစည်းအဝေးခေါ်တယ်။ ခေါ်တဲ့အခါမှာ ရွာလူကြီးတွေက လည်း ပြီးခဲ့တဲ့ တစ်ပတ် ကျော်ကျော်လောက်ကနေ တိုက်ပွဲဖြစ်ထားတာဆိုတော့ ကြောက်လို့မသွားတာ။ အဲဒါကို မကျေနပ်လို့ ပစ်တာထင်တယ်။ ဒဏ်ရာရတဲ့သူတွေက အခုဆေးရုံမှာ ကုသနေကြတယ်”

ဒဏ်ရာရသွားသူတွေက အသက် ၂၀ နဲ့ ၅၀ ကြားရှိကြတဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား ငါးဦးတို့ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးကျည်စမှန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သူက ဆိုပါတယ်။

လက်နက်ကြီးကို SNA တပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ SNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နန့်ပုတ်ရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်၊ SNA၊ KIA နဲ့ PDF ရဲ့ တပ်စခန်းတွေရှိနေပြီး အဲဒီတပ်အားလုံး လှုပ်ရှားသွားလာမှုရှိတဲ့နေရာလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုထဲက ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းနဲ့ SNA တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF တွေက သြဂုတ်လ ၇ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။