စစ်ကောင်စီရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို နိုင်ငံတကာက ပိတ်ဆို့ဖို့ HRW တောင်းဆို

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်တွေ မချမှတ်သေးသရွေ့ စစ်ကောင်စီအနေနဲ့ သဘာဝဓာတ်ငွေ့နဲ့ တခြား သယံဇာတထုတ်ယူရေး ကဏ္ဍတွေကနေ အကျိုးအမြတ် ကြီးကြီးမားမား ဆက်လက်ရရှိနေမှာ ဖြစ်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က TotalEnergies နဲ့ Chevron စွမ်းအင် ကုမ္ပဏီတွေက မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နေရာမှာ တခြားကုမ္ပဏီတွေက သဘာဝဓာတ်ငွေ့ ထုတ်ယူရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေကြမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အီးယူ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန် နဲ့ တခြား နိုင်ငံအစိုးရတွေအနေနဲ့ သဘာဝဓာတ်ငွေ့ထုတ်ယူရေး လုပ်ငန်းအားလုံးကို ပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်သင့်ပြီလို့ HRW ကပြောပါတယ်။

ထိုင်းနိုင်ငံပိုင် PTT နဲ့ တောင်ကိုရီးယားရဲ့ POSCO စွမ်းအင် ကုမ္ပဏီတွေဟာလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။