ဂျပန်နိုင်ငံအခြေစိုက် Yokogawa Bridge Corp ဟာ မြန်မာစစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းနဲ့ ဖက်စပ်လုပ်ငန်းတွေ လုပ်နေတာကို ရပ်တန့်ဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။
Yokogawa Bridge Corp ဟာ ၂ဝ၁၄ ခုနှစ် မတ်လက မြန်မာစစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာ တွေ့ရကြောင်း၊ အဲဒီနှစ်ကစပြီး စစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းအတွက် သင်တန်းတွေ စတင်ပို့ချပြီး သံမဏိထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ နည်းပညာလွှဲပြောင်းပေးဖို့ ဆောင်ရွက်ခဲ့တဲ့အကြောင်း မနေ့က ထုတ်ပြန်တဲ့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂ဝ၂ဝ ပြည့်နှစ်က ထုတ်ပြန်လိုက်တဲ့ Yokogawa Bridge Corp ရဲ့ အစီရင်ခံစာမှာ MEC နဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဖို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့သွားဖို့ ရှိတာကို ဖော်ပြထားကြောင်းနဲ့ MEC ပိုင်တဲ့ မှော်ဘီသံမဏိစက်ရုံကနေ ဂျပန်အစိုးရရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ ပဲခူးမြစ်ကူးတံတားစီမံကိန်းအတွက် သံမဏိတွေကို ထုတ်လုပ်ပေးနေတဲ့အကြောင်း HRW ရဲ့ ကြေညာချက်မှာ ဖာ်ပြထားပါတယ်။
MEC ဟာ ကုန်စည်ထုတ်လုပ်ရေး၊ သတ္တုတွင်း နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေကနေ မြန်မာစစ်တပ်အတွက် ကြီးမားတဲ့ဝင်ငွေတွေ ရှာပေးနေတဲ့အတွက် MEC နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတဲ့ နိုင်ငံခြားလုပ်ငန်းတွေ အားလုံးဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေမှာ ပါဝင်ကူညီရာရောက်လိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့IIMMရဲ့ အစီရင်ခံစာကို ရည်ညွန်းပြီး HRW က တိုက်တွန်းထားပါတယ်။
