မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလ လူ့အခွင့်အရေးကောင်စီကို HRW တိုက်တွန်း

မြန်မာနိုင်ငံအတွင်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်အောင် အရေး ယူဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မဟာဗျူဟာ ချမှတ်သင့်ပြီလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က တိုက်တွန်းလိုက်တဲ့ကြေညာချက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

လာမယ့် မတ်လ ၂၁ ရက် တနင်္လာနေ့ကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်နဲ့ မြန်မာ့အရေးကို ကုလ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးကြပါလိမ့် မယ်။

မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချနေမှုတွေ ပြင်းပြင်းထန်ထန်တားမြစ်ဖို့၊ မြန်မာ စစ်တပ်နဲ့ ဆက်စပ်သူတွေအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက လုပ်ဆောင်သင့်တဲ့အကြောင်း ကုလ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းသင့်တယ်လို့လည်း HRW အဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံကို ICC နိုင်ငံတကာ တရားရုံးကို တင်ဖို့ ကုလ လုံခြုံရေးကောင်စီကို ကုလ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းသင့်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ အရေး ပေါ် အခြေအနေရောက်နေပြီး ဒါကို ကုလ လူ့အခွင့်အရေးကောင်စီက တုံ့ပြန်သင့်တယ်၊ ပြစ်မှုတွေမျိုးစုံ ကျူးလွန်နေတဲ့ မြန်မာ စစ်တပ်ကိုလည်း ပြင်းထန်တဲ့အရေးယူမှု လုပ်သင့် တယ်လို့လည်း HRW အဖွဲ့က တိုက်တွန်းထားပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ မတ်လ ၁၅ ရက်နေ့တုန်းကပဲ ကုလလူ့အခွင့်အရေး ကော်မရှင် မင်းကြီး ရုံးက ပြစ်တင်ရှုတ်ချထားတယ်လို့လည်း HRW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။