ဘီဘီစီ ခံစားကြည့်အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင် ထောင်သုံးနှစ် ချမှတ်ခံရ

BBC Media Action က ထုတ်လုပ်တဲ့ ခံစားကြည့်အစီအစဉ်က ရုပ်သံတင်ဆက်သူ မထက်ထက်ခိုင်ကို အင်းစိန်ထောင် အထူးတရားရုံးကနေ ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

မထက်ထက်ခိုင်ကို တွေ့ရစဉ် Photo: Htet Htet Khaing - Facebook

BBC Media Action က ထုတ်လုပ်တဲ့ ခံစားကြည့်အစီအစဉ်က ရုပ်သံတင်ဆက်သူ မထက်ထက်ခိုင်ကို အင်းစိန်ထောင် အထူးတရားရုံးကနေ ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

မထက်ထက်ခိုင်ဟာ အာဏာသိမ်းပြီး ခြောက်လကျော်အကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာပါ။

ပုဒ်မ-၅၀၅ (က) တပ်တွင်း ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု၊ ပုဒ်မ-၁၇ (၁) တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှုတွေနဲ့ တရားစွဲခံထားရပြီး ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့ မှာ ပုဒ်မ-၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရတာပါ။

ဒီနေ့ထောင်မိန့်ကို မထက်ထက်ခိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမှုကို လိုက်ပါဆောင်ရွက်နေသူ သူ့ရဲ့ရှေ့နေတစ်ဦး က RFA ကို ပြောပါတယ်။

“ဒီနေ့ အင်းစိန်ထောင် ဗဟန်းမြို့နယ် အထူးတရားရုံးကနေ အမိန့်ချလိုက်တာပါ။ မထက်ထက်က ကျန်းမာရေးလည်း ကောင်းတယ်။ တည်တည်ငြိမ်ငြိမ်ပါပဲ။ သက်သေ မထင်ရှားဘဲ စွဲဆိုခဲ့တဲ့အမှုအတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားတယ်။ သူ့ကို စွပ်စွဲတာကတော့ တည်ငြိမ်နေတဲ့ အနေအထားမျိုးကို ဆူပူအောင် လှုံ့ဆော်ခဲ့တယ်ပေါ့။ တရားလိုဘက်က တင်ပြချက်တွေ အပေါ်မှာပဲ သုံးသပ်ပြီး အမိန့်ချသွားတာပါ”

တရားလိုရဲ့ စွပ်စွဲချက်တွေအတွက် ခိုင်လုံတဲ့ သက်သေမတင်ပြနိုင်တာကို ဥပဒေတွေနဲ့ တကွ ခုခံချေပခဲ့ပေမယ့် တရားလိုဘက်က ထွက်ချက်တွေအပေါ် မူတည်ပြီးတော့ဘဲ တရားသူကြီးက အမိန့်ချသွားခဲ့တာလို့ မထက်ထက်ခိုင်ရဲ့ ရှေ့နေက ပြောပါတယ်။

ဒါဟာ မတရားစွပ်စွဲ ထောင်ချခံရတာဖြစ်ပြီး အခုလို ကိုဗစ်ကူးစက်မှုတွေ ပြန်ဖြစ်နေချိန်မှာ ထောင်ထဲရောက်နေတဲ့အတွက် မထက်ထက်ခိုင်ရဲ့ ကျန်းမာရေးကို စိတ်ပူမိတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ဒါကို မျှော်လင့်ထားပြီးသားပေါ့နော်။ အကုန်လုံးကလည်း မတရား အဖမ်းခံထားရတဲ့ လူတွေ။ အမြန်ဆုံး ပြန်လွတ်စေချင်တယ်။ ထောင် သုံးနှစ်ချခံရတာကတော့ မတရားတဲ့ အမိန့်ကို သူတို့ ချလိုက်တာပဲ။ နောက်တစ်မှုလည်း ကျန်သေးတယ်။ အခု ထောင်ထဲ ရောက်နေတာ တစ်နှစ်ကျော်သွားပြီ။ သူ့အတွက်တော့ စိုးရိမ်တယ်။ ကိုဗစ်တွေလည်း ဖြစ်နေတာ၊ သူ့ကျန်းမာရေးကိုတော့ မိသားစုဝင်တစ်ယောက်အနေနဲ့ စိုးရိမ်တယ်"

မထက်ထက်ခိုင်ဟာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန် အိမ်ရာက တိုက်ခန်းတစ်ခုမှာ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့အတူ အလုပ်ကိစ္စတွေ ဆွေးနွေးနေစဉ် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ရဲနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မထက်ထက်ခိုင်ဟာ ခံစားကြည့်အစီအစဉ်မှာ ရုပ်သံတင်ဆက်သူအဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ အလွတ်သတင်းထောက်၊ ရုပ်သံထုတ်လုပ်သူအဖြစ် အလုပ်လုပ်ခဲ့ကြောင်း၊ သူ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ကြောင်း BBC Media Action Myanmar က ၂၀၂၁ ခုနှစ်၊ ဩဂုတ်ထဲမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မထက်ထက်ခိုင်နဲ့အတူ အဖမ်းခံထားရတဲ့ ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကိုလည်း စစ်ကောင်စီက ပုဒ်မ နှစ်ခုနဲ့ အရေးယူထားပါတယ်။

Detained Journalists Information Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ခွဲကျော် ကာလအတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၄၂ ဦးရှိပြီး အဲဒီအထဲမှာ ပုဒ်မအမျိုးမျိုးတပ် တရားစွဲခံထားရသူ ၉၅ ဦး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org