လူကုန်ကူးသူမြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးချိန်မှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ မြန်မာ ကလေး ၆ ယောက်ကို ကယ်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။
2011-07-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လူကုန်ကူးခံထားရသည်မှ ကယ်တင်ပြီး ထိုင်းနိုင်ငံ ပထွန်ဌာနီခရိုင်၊ လူမှုဖူလုံရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှ ကူညီစောင့်ရှောက်ထားသည့်၊ မြန်မာနိုင်ငံသားအချို့ကို ၂၀၀၄ ခုနှစ်က တွေ့ရပုံ။
လူကုန်ကူးခံထားရသည်မှ ကယ်တင်ပြီး ထိုင်းနိုင်ငံ ပထွန်ဌာနီခရိုင်၊ လူမှုဖူလုံရေးနှင့် ကယ်ဆယ်ရေးအဖွဲ့မှ ကူညီစောင့်ရှောက်ထားသည့်၊ မြန်မာနိုင်ငံသားအချို့ကို ၂၀၀၄ ခုနှစ်က တွေ့ရပုံ။
Photo: RFA

ဖမ်းဆီးရမိခဲ့တဲ့ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးဟာ ဦးတင်ဝင်း၊ ဒေါ်ရွှေကြည် နဲ့ မချို ဆိုသူတို့ဖြစ်ပြီး မနေ့က မနက် ၁၀ နာရီလောက်မှာ ချင်းမိုင်မြို့ လမ်းတခုပေါ်က အခန်းတစ်ခုမှာ ဝင်ရောက် ဖမ်းဆီး နိုင်ခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးရမိချိန်မှာ အသက် ၃ နှစ်ကနေ အသက် ၁၄ အရွယ် ကလေး ၆ ယောက်တွေ့ရှိခဲ့တယ်လို့ ချင်းမိုင်ခရိုင် အမှတ် ၅ ရဲစခန်းရုံးချူပ်က ရဲအရာရှိ အဖိချာဒ် က အာအက်ဖ်အေ ကို ပြောပါတယ်။

တရားရုံးကနေ ဝင်ရောက်ဖမ်းဆီးခွင့်အမိန့် တောင်းခံခဲ့ပြီး အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ကလေးအားလုံး ၆ ယောက်ရှိကြောင်း၊ ယောက်ျား ၂ ဦးနဲ့ မိန်းကလေး ၄ ဦးဖြစ်ပြီး လူကုန်ကူးသူတွေက သူတို့ သားသမီးတွေလို့ ပြောကြောင်း၊ ဒါပေမဲ့ ကလေးတွေရဲ့ အသက်အရွယ်တွေအရ မဖြစ်နိုင်ပါကြောင်း၊ DNA စစ်ဆေးချက်ယူပြီး စစ်ဆေးနေပါကြောင်း ထိုင်းရဲက ပြောပါတယ်။

ထိုင်းရဲတွေရဲ့ အဆိုအရ ဒီကလေးတွေကို ထိုင်းစကားသင်ကြားပေးပြီး စုတ်ပြတ်ဟောင်းနွမ်းတဲ့ အဝတ်တွေနဲ့ တစ်ရက်ကို ထိုင်းဘတ်ငွေ ၅၀၀ နှုန်း ရဖို့ မနက် ၆ နာရီကနေ ညသန်းခေါင်အထိ တောင်းရမ်း ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။ သတ်မှတ်ထားတဲ့ ငွေမရရင်တော့ မနက် ၄ နာရီအထိ တောင်းခိုင်းတာတွေရှိပြီး ညဘက်တွေမှာလည်း ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့ကြောင်း စစ်ဆေးချက်တွေအရ သိခဲ့ရတယ်လို့ ဆိုပါတယ်။

သုံးဦးထဲက ဦးတင်ဝင်း ကို အသက် ၁၅ နှစ်အောက် ကလေးငယ်အား မတော်မတရား ပြုကျင့်မှုနဲ့ အမှုတစ်ခု ထပ်တိုးထားတယ်လို့ သိရပြီး ကယ်တင်နိုင်ခဲ့တဲ့ ကလေး ၆ ဦးကိုတော့ ချင်းမိုင်မြို့မှာရှိတဲ့ ကလေးပြုစု စောင့်ရှောက်ရေး ဂေဟာမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

go to the hell

Jul 28, 2011 09:14 AM

ဆိုက်တခုလုံးသို့