ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အာဆီယံအဖွဲ့က ဆုံးဖြတ်ထားတဲ့ မူငါးချက်ကို မလေးမစားပြုလုပ်ရာရောက်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က ပြောကြားလိုက်ပြီး အဲဒီပြောကြားချက်ကို ဝန်ကြီးချုပ်ဟွန်ဆန်က ပယ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း အာဆီယံအဖွဲ့ရဲ့ဆုံးဖြတ်ချက်ဘောင်ထဲကပဲ ပြုလုပ်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က တုံ့ပြန်တဲ့အကြောင်း ကန်ပူချာသတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်ခြင်းရဲ့ အသီးအပွင့်ရလဒ်ဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ငြိမ်းချမ်းရေးအတွက် ဖြစ်ပြီး မြန်မာဟာ အာဆီယံကို ကျေးဇူးတင်ပါလိမ့်မယ်လို့ ဆိုပါတယ်။
APHR အဖွဲ့ကတော့ ဟွန်ဆန်ရဲ့ခရီးစဉ်ဟာ အာဏာသိမ်းစစ်တပ်ကို တရားဝင်အဖြစ် ချဉ်းကပ်မှုဖြစ်ပြီး အာဆီယံအဖွဲ့ ရဲ့ ဧပြီလက ဆုံးဖြတ်ချက်နဲ့ သွေဖီနေတယ်လို့ ပြောဆိုထားတာပါ။
ဟွန်ဆန်ရဲ့ ဆောင်ရွက်ပုံဟာ အာဆီယံအဖွဲ့အတွင်း သွေးကွဲစေပြီး တရုတ်နိုင်ငံအလိုကျ မြန်မာကို အဖွဲ့ထဲကို ဆွဲသွင်းနေတာဖြစ်တယ်လို့ လည်း ပြောဆိုထားပါတယ်။