စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားပြီး ၂၀၂၂နှစ်ကုန်ပိုင်းအထိ ထပ်ပြီး အပစ်ရပ်ရေးကို တိုးချဲ့သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကို နှစ်ရက်ကြာရောက်ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်နဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇန်နဝါရီလ ၇ရက်နေ့က တွေ့ဆုံချိန်မှာ ရှင်းပြခဲ့တယ်လို့ တွေ့ဆုံပွဲအပြီး နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်ကို မစ္စတာဟွန်ဆန်ကလည်း ထောက်ခံကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒီဆောင်ရွက်ချက်ဟာ အာဆီယံသဘောတူညီချက် ၅ ချက်မှာ ထည့်သွင်းဖော်ပြထားတဲ့ အချက်ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။